ကောင်းချစ်အောင်
မတ်၂၉၊ ၂၀၂၃။
စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်အနေဖြင့် တရားဝင်ဖွဲ့စည်းပြီးသား နိုင်ငံရေးပါတီများကိုဖျက်သိမ်းခွင့်မရှိကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်မှုဆောင်ကော်မတီက ယနေ့တွင်ထုတ်ပြန်ကြေညာလိုက်သည်။
တည်ဆဲဥပဒေများကိုချိုးဖောက်ထားသည့် စစ်ကောင်စီသည် တရားဝင်မှုမရှိသည့်အပြင် ပြည်သူလူထုအားကိုယ်စားပြုမှုလည်းမရှိသည့်အတွက် တရားဝင်ဖွဲ့စည်းထားပြီးသော နိုင်ငံရေးပါတီများကို စစ်ကောင်စီ လက်ဝေခံရွေးကောက်ပွဲကော်မရှင်အနေဖြင့် ဖျက်သိမ်းခွင့် ၊ အတည်ပြုခွင့် လုံးဝမရှိဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီသည် ပြည်သူလူထု၏အဆုံးအဖြတ်ကိုသာ ခံယူနေသောပါတီဖြစ်သည်နှင့်အညီ ပြည်သူရှိသ၍ ပါတီရှိနေမည်ဖြစ်ပြီး ပြည်သူနှင့်တစ်သားတည်းရပ်တည်ပြီး ပြန်လည်မှတ်ပုံမတင်သောနိုင်ငံရေးပါတီများကိုလည်း အသိအမှတ်ပြုလေးစားပါသည်ဟု ဆိုသည်။
ပါတီဝင်များကိုလည်း ဆက်တိုက်ဖမ်းဆီးလျက်ရှိရာ ယနေ့ထိ ၁၂၃၅ ဦးရှိပြီး၊ ပါတီဝင်၂၆ ဦး မှာ စစ်ကြောရေးစခန်းများနှင့် ထောင်တွင်းတွင် ကျဆုံးခဲ့ကြသည်ဟု ရေးသားထားသည်။
ထို့အပြင်အကြောင်းမဲ့သတ်ဖြတ်ခံရသူ ၆၃ ဦး ရှိပြီးရပြီး ပါတီဗဟိုရုံးချုပ်အပါအဝင် တိုင်း၊ ခရိုင်၊ မြို့နယ်ရုံးပေါင်း အကြိမ် ၁၂၀ ကျူးကျော်ဝင်ရောက်ဖျက်ဆီးခြင်း ခံခဲ့ရသည်ဟု သိရသည်။