![]()
သံလွင်ခက်/ဧပြီ ၁၂။
ချင်းပြည်နယ်၊ မင်းတပ်မြို့ပေါ်ရှိ လူနေရပ်ကွက်များကို စစ်ကော်မရှင်က လေကြောင်းမှ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် ဒေသခံပြည်သူများ ထိခိုက်ဒဏ်ရာရရှိကာ လူနေအိမ်နှင့် အဆောက်အအုံ ၃၀ နီးပါး ပျက်စီးဆုံးရှုံးခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။
ယမန်နေ့ (ဧပြီ ၁၁ ရက်) ည ၁၀ နာရီခန့်တွင် တံတားဦးနှင့် မကွေးလေတပ်စခန်းများမှ တက်လာသည့် ဂျက်ဖိုက်တာ (Jet Fighter) ၃ စီးသည် မင်းတပ်မြို့ပေါ်သို့ ၈ ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ တိုက်ခိုက်မှုကြောင့် လူနေအိမ်နှင့် အဆောက်အအုံ စုစုပေါင်း ၂၀ ကျော်မှ ၃၀ ဝန်းကျင်အထိ ထိခိုက်ပျက်စီးခဲ့ရပြီး ပြည်သူပိုင် အိမ်စီးကား ၄ စီးလည်း မီးလောင်ပျက်စီးခဲ့သည်။

“အဆောက်အအုံပျက်စီးတာက ၂၀ ကျော်၊ ၃၀ ဝန်းကျင်လောက်ရှိမယ်လို့ သိရတယ်။ ပြည်သူတွေ ထိခိုက်ဒဏ်ရာရတာလည်း ရှိပါတယ်။ အသေးစိတ် အချက်အလက်ကိုတော့ မြို့နယ်တာဝန်ရှိသူတွေဘက်က ထပ်ပြီး အတည်ပြုပေးပါလိမ့်မယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောကြားသည်။
ထို တိုက်ခိုက်မှုအတွင်း ဒေသခံများ ၁၀ နှစ်ကျော်ကြာ အားကိုးအားထားပြုခဲ့ရသည့် “မင်းတပ်မြို့နယ် ချင်းဗုဒ္ဓသာသနပါလကအသင်း” အဆောက်အအုံမှာလည်း အလုံးစုံ ပျက်စီးသွားခဲ့ကြောင်း သိရသည်။
အဆိုပါအသင်းကို ၂၀၁၄ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး လူမျိုးဘာသာမရွေး နာရေး၊ ကျန်းမာရေးနှင့် ဘာသာရေးလုပ်ငန်းများကို ၁၀ နှစ်ကျော်တိုင် ဆောင်ရွက်ပေးခဲ့သည့် နေရာတစ်ခုဖြစ်သည်။
အသင်းတည်ထောင်သူ ဦးကီးဗွေနှင့် အများပြည်သူတို့၏ စုပေါင်းလှူဒါန်းမှုဖြင့် တည်ဆောက်ထားသည့် ဤအဆောက်ဦသည် လူနာရှင်များနှင့် ဒုက္ခသည်များအတွက် ခိုလှုံရာ အရိပ်အာဝါသတစ်ခုလည်း ဖြစ်ခဲ့သည်။

ယခုကဲ့သို့ အသင်းအိမ် အလုံးစုံ ပျက်စီးသွားရခြင်းနှင့် ပတ်သက်၍ အသင်း၏ နာယက-၂ ဦးအောင်ဇော်ငြိမ်းက ” စစ်ကောင်စီ၏ ဗုံးကြဲချ အလုံးစုံဖျက်ဆီးမှုကို ခံလိုက်ရကြောင်း အများပြည်သူအား စိတ်မကောင်းစွာ အသိပေးလိုက်ရပါသည်။ အကြောင်းကြောင့် အကျိုးဖြစ်သည်ဆိုသော်ငြားလည်း မှားယွင်းသောအကြောင်း ဖန်တီးသူတို့သည်ကား ယခုဘဝသာမက နှောင်းသံသရာ ဘဝဆက်တိုင်း ကံ၊ ကံ၏အကျိုးကို ကောင်းစွာခံစားကြရပေဦးမည်တကား ” ဟု လူမှုကွန်ရက် တွင် ရေးသားထားသည်။
လက်ရှိတွင် မြေပြင်အခြေအနေအရ ထိခိုက်ဒဏ်ရာရသူ အရေအတွက်နှင့် ပျက်စီးဆုံးရှုံးမှု တန်ဖိုးအတိအကျကို အတည်ပြုနိုင်ရန် ကြိုးပမ်းနေဆဲဖြစ်ပြီး၊ ဒေသခံများမှာလည်း ထပ်မံလာရောက်နိုင်သည့် လေကြောင်းအန္တရာယ်ကြောင့် စိုးရိမ်ထိတ်လန့်နေကြရသည်။
#ချင်းပြည်နယ် #မင်းတပ် #ဗုံးကြဲ #ThanLwinKhetNews
