Saw Smith
မတ် ၂၉ ၊ ၂၀၂၃ ။
ရှမ်း–ကယားနယ်စပ် ပင်လောင်းမြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က ဒေသခံပအိုဝ်းပြည်သူများကို ဖိအားပေး၍ လုံခြုံရေးယူပေးရန် အမိန့်ထုတ်ပြန်ထားသည်ဟု ဒေသခံများထံမှ သိရသည်။
ပင်လောင်းတွင်တိုက်ပွဲများဖြစ်ပွားနေပြီး စစ်ရေးတင်းမာနေသည့်အခြေအနေ၌ လက်နက်မဲ့ပြည်သူများကိုလုံခြုံရေးယူခိုင်းသည့် PNO၏လုပ်ရပ်သည် ရိုးသားသည့် ပအိုဝ်းပြည်သူများအပေါ် လွန်စွာယုတ်မာအောက်တန်းကျသည့်လုပ်ရပ်ဟု ပအိုဝ်းလူငယ်များက ပြောဆိုသည်။
” ဖိနှိပ်ခံရဆုံး၊ အဆင်းရဲဆုံး၊ ဒုက္ခအရောက်ဆုံးဖြစ်နေတဲ့ လူထုကို လုံခြုံရေးယူခိုင်းတာတို့ ကင်းစောင့်ခိုင်းတာတို့ဆိုတာ ဒါတော်တော်ကြီးကို ယုတ်မာအောက်တန်းကျတဲ့ လူမဆန်တဲ့လုပ်ရပ်ဖြစ်ပါတယ်။ သူတို့လက်နက်ကိုင်ထားတာ မင်းအောင်လှိုင် အကြမ်းဖက်သမားကို ကာကွယ်ဖို့ပဲလား အဲဒါပြောချင်တယ် “ဟု ပအိုဝ်းအမျိုးသားလူငယ်တစ်ဦးကပြောသည်။
PNOသည် တောင်ကြီးခရိုင်၊ ပင်လောင်းမြို့နယ်အတွင်း၌ ပြည်သူများလုံခြုံရေးအတွက်ဆောင်ရွက်ကြရန် ယခုမတ်လ ၂၅ရက်ပါရက်စွဲဖြင့်အမိန့်စာထုတ်ပြန်ခဲ့ပြီး ပြည်သူများ ၂၄ နာရီအပြည့် လုံခြုံရေးဂိစောင့်ရန်နှင့် မဆောင်ရွက်ပါကဒဏ်ငွေနှစ်သောင်းကျပ်ပေးဆောင်ရန် ဖိအားပေးထားသည်။
ဖိအားပေး၍ ပြည်သူများကိုလုံခြုံရေးယူခိုင်းသည့်PNO၏လုပ်ရပ်သည် လက်ရှိအာဏာသိမ်းကာလအတွင်း၌နိုင်ငံအနှံ့တွင်စစ်ကြောင်းထိုးနေသောစစ်ကောင်စီတပ်များ၏ ပြည်သူများကိုလူသားဒိုင်းအဖြစ်ဖမ်းဆီးခေါ်ဆောင်နေခြင်းနှင့်အလားသဏ္ဌာန်တူနေသည်ဟု ပအိုဝ်းကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။
” ပြည်သူတွေအမြင်မှာတော့ လုံခြုံရေးလို့ ထင်မြင်နိုင်ပါတယ် ။ ဒါဟာ ကြီးမားတဲ့ပြစ်မှုဖြစ်ပါတယ်။ လူသားဒိုင်းလုပ်တဲ့သဘောဖြစ်တယ်ဗျ ။ ပြည်သူကို သက်သက်အသေခံခိုင်းသလိုပါဘဲ။ ဒီလိုလုပ်ရပ်မျိုးဟာ စကစဘဲ လုပ်တာပါ ။ အခုသူတို့လည်း လိုက်လုပ်တယ်ဆိုတော့ သမိုင်းတရားခံဖြစ်လိမ့်မယ်ဗျ “ဟု ၎င်းကပြောသည်။
ပြီးခဲ့သည့်ဖေဖော်ဝါရီလနောက်ဆုံးအပတ်ကတည်းက တိုက်ပွဲများဖြစ်ပွားနေသည့်ပင်လောင်းမြို့နယ်တွင် လက်ရှိချိန်ထိတိုက်ပွဲဖြစ်ပွားနေပြီး ယမန်နေ့တွင်လည်း စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဥ် ၅စီးဖြင့် နမ်းနိန်းကျေးရွာအနီးတဝိုက်ကို သုံးကြိမ်တိုင်တိုင် လာရောက်တိုက်ခိုက်ခဲ့သည်ဟု PNDF-KKတာဝန်ခံက သံလွင်ခက်ကိုပြောသည်။
ပအိုဝ်းပြည်သူများအပေါ် ငွေကြေးအတင်းအဓမ္မကောက်ခံခြင်း၊ တပ်သားများစုဆောင်ခြင်းများပြုလုပ်နေသောPNOသည် လက်ရှိတိုက်ပွဲကာလအတွင်း၌ ပြည်သူများအားလုံခြုံယူခိုင်းသည်လုပ်ရပ်သည် စစ်ကောင်စီတပ်စစ်ကြောင်းများက ပအိုဝ်းလုံခြုံရေး ပြည်သူများကို သတ်ဖြတ်သွားလျှင်တောင် နိုင်ငံရေးအမြတ်ထုတ် လိမ်လည်ဝါဒဖြန့်မှုမျိုးပါ လုပ်ဆောင်နိုင်သည်ဟု၎င်းကပြောသည်။
ယခုမတ်လ ၁၁ ရက်တွင် နမ်းနိန်းကျေးရွာတိုက်ပွဲတွင်း၌ နမ်းနိန်းကျေးရွာဘုန်းကြီးကျောင်းတွင် ခိုလှုံနေသောသံဃာတော်၃ပါးနှင့်ပြည်သူ ၁၉ဦးကို စစ်ကောင်စီတပ်စစ်ကြောင်းက အစုလိုက်ပစ်သတ်ခဲ့သည့်ဖြစ်စဥ်တွင်PNOက စစ်ကောင်စီတပ်ကို အကာအကွယ်ရေးပေးသည့် လူထုဆန္ဒထုတ်ဖော်ပွဲကို တောင်ကြီး၌ပြုလုပ်ခဲ့ပြီးလူမျိုးရေး၊ဘာသာရေးပဠိပက္ခအသွင်ဆောင်သည့်တောင်းဆိုမှုမျိုးကို ကြွေးကြော်ခဲ့သည်။
ပုံစာ–စစ်ကောင်စီလက်အောက်ခံPNO ပြည်သူစစ်တပ်ဖွဲ့ဝင်များ။