ကောင်းချစ်အောင်
မတ် ၂၄၊ ၂၀၂၃။
မင်းကင်းမြို့နယ်ရှိ ပွင့်လျက်ရွာသို့ စစ်ကောင်စီစစ်ကြောင်းထိုးလာချိန်တွင် ထွက်မပြေးနိုင်သည့်အသက်၆၀အရွယ် ရွာသားတစ်ဦး သေနတ်ဖြင့် သုံးချက်ပစ်သတ်ခံရသည်ဟု သိရသည်။
မင်းကင်းတောင်လက်ဒေသ၊ တောင်တွင်းဒေသတို့တွင် ရွာစဉ်အနှံ့ စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီနှင့် ပျူစောထီးပူးပေါင်းစစ်ကြောင်းသည် မတ်လ ၂၁ရက်ည၁၀နာရီဝန်းကျင်တွင် ကူလဲရွာမှ အောက်စသာရွာသို့စစ်ကြောင်းထိုးဝင်ရောက်လာခြင်းဖြစ်ပြီး ဒေသခံကာကွယ်ရေးတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်ဟုဆိုသည်။
မတ်လ ၂၂ရက်နေ့နံနက် ခုနစ်နာရီ ခန့်တွင်အင်အား၇၀ခန့်ပါအဆိုပါစစ်ကြောင်းသည် ပွင့်လျက်ရွာသို့လက်နက်ကြီးများပစ်ခတ်ကာ
ဝင်ရောက်လာပြီး အိမ်ခြေ ၁၀ လုံးအား မီးရှို့ ဖျက်စီးသွားခဲ့သည်။ထို့ပြင် အသက်၆၀အရွယ်ရှိပြီဖြစ်သည့် ဦးတင်အား သေနတ်ဖြင့် သုံးချက်ပစ်သတ်သွားခဲ့သည်ဟု ကလေးခရိုင်၊အမှတ် ၁၁ တပ်ရင်း(မင်းကင်း)တာဝန်ခံတစ်ဦးက သံလွင်ခက်ကိုပြောသည်။
“ဦးတင်က စစ်ကြောင်းဝင်လာတဲ့ချိန် အသက်ရွယ်အရ မပြေးနိုင်ခဲ့တော့ကျန်နေခဲ့တာကို ပစ်သတ်သွားတာဗျ။သေချာအတိအကျတော့စုံစမ်းနေဆဲပါ“ဟု ၎င်းကဆိုသည်။
ပွင့်လျက်ရွာအတွင်း နေအိမ်များကို ပစ္စည်းများ ဖောက်ထွင်းယူဆောင်ခဲ့ပြီးနောက် မနက်၉နာရီ ၄၀မိနစ်တွင် ရွာထဲမှ ပြန်ထွက်လာသည့် အဆိုပါစစ်ကြောင်းကို ဒရုန်းဖြင့် အီနာဂါဗုံးသီးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့သည်ဟု ကလေးခရိုင်၊အမှတ် ၁၁ တပ်ရင်း(မင်းကင်း) MKPDF-2 က ဆိုသည်။
ထို့နောက် ည ၇နာရီခွဲဝန်းကျင်တွင် အင်အားများပြန်လည်ဖြည့်လာပြီး ထုံးမန်းရွာ၊ပသေးရွာ၊ အထက်စသာရွာများသို့ တပြိုင်နက် စစ်ကြောင်းထိုးကျူးကျော်လာသောကြောင့် ကာကွယ်ရေးတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲများဆက်လက်ဖြစ်ပွားခဲ့သည်ဟု သိရသည်။
ပုံစာ–ရှေ့တန်းတစ်နေရာမှ MKPDFရဲဘော်များ ။