ယမင်းဖူးပွင့်အောင်
မတ် ၂၄၊ ၂၀၂၃။
ဒါရိုက်တာ ဏကြီး ရိုက်ကူးထားပြီး အောင်မြင့်မြတ်၊ ပိုင်ဖြိုးသု တို့အဓိက ပါဝင်သရုပ်ဆောင်ထားသည့် “မပြီးသေးဘူး ငါတို့အလှည့်ကျန်သေးတယ်” ရုပ်ရှင်ဇာတ်ကားနှင့် Cobra Column မှ ဒါရိုက်တာ ဂီဒေါင် ရိုက်ကူးထားပြီး ရဲနောင်၊ ခိုင်မင်း တို့ အဓိကပါဝင်သရုပ်ဆောင်ထားသည့် “ရှိခဲ့သည်” ရုပ်ရှင်ဇာတ်ကား ၂ ကားကို မတ်လ ၂၆ရက်နေ့မှ မေလကုန်အထိ ကမ္ဘာနိုင်ငံအသီးသီးတွင် ပူးတွဲပြသမည်ဟုစီစဉ်သူများကပြောသည်။
ရိုက်ကူးရာတွင် အဖွဲ့သားများ၏လုံခြုံရေး နှင့် ရိုက်ကူးရေးပစ္စည်း အခက်အခဲရှိခဲ့သော်လည်း အကောင်းဆုံးပြင်ဆင်ဆောင်ရွက်ထားသည်ဟု ဒါရိုက်တာ ဏကြီးကပြောသည်။
“ဒီဘက်မှာ ကင်မရာလဲမရှိဘူး။ Lighting(မီးဗန်း) လည်းမရှိဘူး။ အရမ်းခက်ခဲတယ်။ ဒါပေမယ့် ကျွန်တော်တို့နားမှာ လူကောင်းတွေရှိတယ်။ အရမ်းတော်တဲ့လူတွေရှိတယ်။ အဲ့လူတွေအားလုံးကလည်း တစ်သွေးတည်းတစ်သားတည်း တစ်စိတ်တည်းရှိပြီးတော့ အားလုံးကူညီကြတဲ့အတွက်ကြောင့် ဒီလိုဖြစ်လာတာပါ” ဟုပြောသည်။
“မပြီးသေးဘူးငါတို့အလှည့်ကျန်သေးတယ်“ဇာတ်ကားအမည်သည် တော်လှန်ရေးကာလတွင် ပြည်သူများထံကထွက်လာသည့် ကြွေးကြော်သံတစ်ခုဖြစ်သည်။
“တော်လှန်ရေးထဲမှာကြုံရတဲ့ တကယ့်အဖြစ်အပျက်တွေကနေပြီးတော့ မှီငြမ်းပြီးတော့ ရိုက်ခဲ့တာပါ။ သတင်းတွေမှာ မြင်ရတဲ့ Impact(သက်ရောက်မှု) ကို reflect(ရောင်ပြန်ဟပ်) ပြန်လုပ်တဲ့သဘောပါပဲ”ဟု ၎င်းကပြောသည်။
“မပြီးသေးဘူးငါတို့အလှည့်ကျန်သေးတယ်“ဇာတ်လမ်းတွင် မအေးမြအဖြစ်ပါဝင်သရုပ်ဆောင်ထားသည့် ပိုင်ဖြိုးသုက “မအေးမြက တစ်ကားလုံးစကားမပြောသွားဘူး။ ဒိုင်ယာလော့လည်းမပါဘူး။ ဇာတ်လေးကိုဖတ်တဲ့အချိန်မှာမအေးမြနေရာကို အရမ်းလုပ်ချင်သွားတယ်။ ကိုယ်လည်းအမျိုးသမီးချင်းဆိုတော့ သားသမီးဆုံးရှုံးထားတဲ့နေရာလေးကနေ သရုပ်ဆောင်ချင်တယ်။ ဒိုင်ယာလော့မပြောပဲနဲ့ အမူအရာတွေချည်းပဲလုပ်ရတဲ့ ဇာတ်ရုပ်တစ်ခုကို လုပ်ချင်တယ်။ အဲဒါကြောင့် မအေးမြနေရာကနေ သရုပ်ဆောင်ဖြစ်တာပါ” ဟု ပြောသည်။
ယင်းကဲ့သို့ပင် “ရှိခဲ့သည်” ရုပ်ရှင်ဇာတ်ကားသည် ဖြစ်ရပ်မှန်ကိုအခြေခံရိုက်ကူးထားသည့် ဇာတ်ကားဖြစ်သည်ဟုပွဲစီစဉ်သူများက ပြောသည်။
“သေပြီလို့တောင် ထင်ရတဲ့အနေအထားမျိုးမှာ သူတို့ကြုံခဲ့ရတဲ့ ခံစားမှုတွေပါတယ်”ဟု “ရှိခဲ့သည်“ဇာတ်လမ်းထုတ်လုပ်ရေးမန်နေဂျာ ကိုမောင်က ပြောသည်။
ရုပ်ရှင်ပြသမှုမှ ရရှိလာသည့် ငွေကြေးအားလုံးကို အာဏာရှင်ဆန့်ကျင်ရေးအတွက် တိုက်ပွဲဝင်နေကြသည့် အညာဒေသနှင့် ကရင်ပြည်နယ်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို တိုက်ရိုက်ခွဲဝေထောက်ပံ့သွားမည် ဖြစ်သည်ဟုစီစဉ်သူများကပြောသည်။
အဆိုပါ ဇာတ်ကားများကို မတ်လ ၂၆ ရက်နေ့တွင် အမေရိကန်နိုင်ငံ ဖို့ဒ်ဝိန်းမြို့တွင် ဦးစွာပြသမည်ဖြစ်ပြီး အမေရိကန်၊ ကနေဒါ၊ ပြင်သစ်၊ ယူကေ၊ ဂျာမနီ၊ ဆွီဒင်၊ သြစတြေးလျ၊ ဂျပန်၊ တောင်ကိုရီးယား၊ ထိုင်ဝမ်၊ မလေးရှား စသည့် နိုင်ငံများရှိ မြို့ကြီးများတွင် ပြသရန် သက်ဆိုင်ရာ နိုင်ငံအလိုက် Fundraiser(ရန်ပုံငွေရှာဖွေသူ) များနှင့်ချိတ်ဆက်စီစဉ်နေသည်။
Video-“မပြီးသေးဘူး ငါတို့အလှည့်ကျန်သေးတယ်”Official Trailer