ကရင်နီပြည်၊ဒီးမော့ဆိုမြို့နယ်အရှေ့ခြမ်းတိုက်ပွဲများတွင်ကျဆုံးခဲ့သည် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်KNDF B10မှ ရဲဘော်နှစ်ဦး၏စျာပနပြုလုပ်ခဲ့သည်ကို ယနေ့တွင် အဆိုပါတပ်ရင်းကဖော်ပြထားသည်။
ယခုမတ်လမှစ၍ ဒီးမော့ဆိုအရှေ့ခြမ်း ဒေါညေးခူ၊ ဒေါတမကြီးကျေးရွာဖက်သို့ စစ်ကြောင်း ၃ကြောင်းဖြင့်ထိုးစစ်ဆင်လာခဲ့သော စစ်ကောင်စီတပ်အား KNDF တပ်ရင်း အမှတ် (၁၀)သည် မဟာမိတ်တပ်များနှင့်ပူးပေါင်း၍ခုခံတိုက်ပွဲဝင်လျက်ရှိနေသည်။
KNDF တပ်ရင်း အမှတ် (၁၀)၏ ရဲဘော်များဖြစ်သော ရဲဘော်ခူးဦးရယ်မှာ မတ်လ (၂၁)နေ့တိုက်ပွဲအတွင်း၌လည်ကောင်း ၊ ရဲဘော် နိုရယ် မှာ မတ်လ ၂၂ရက်တိုက်ပွဲတွင်း၌ လည်းကောင်း စစ်ကောင်စီတပ်များအား တိုက်ခိုက်ရင်းကျဆုံးခဲ့ရသည်။
တိုင်းပြည်နှင့် လူမျိုးအတွက် ရဲရင့်စွာတိုက်ခိုက်ရင်း မြင့်မြတ်စွာ ကျဆုံးခဲ့ရသော ရဲဘော်ဦးရယ် နှင့် ရဲဘော်နိုရယ်တို့အား မိမိတို့ KNDF တပ်ရင်းအမှတ် (၁၀)မှ အာဇာနည်သူရဲကောင်းအဖြစ် အစဥ်အမြဲ ဂုဏ်ယူမှတ်တမ်းတင်ထားမည်ဖြစ်သည်ဟု KNDF တပ်ရင်းအမှတ် (၁၀)က ဖော်ပြထားသည်။
မတ်လ ၂၁ရက်နှင့်၂၂ရက်တို့တွင် ဒီးမော့ဆိုအရှေ့ခြမ်း၌ တိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော်(နေပြည်တော်)တပ်ရင်း အမှတ် (၈၀၃) မှ ရဲဘော်အရှည်ကြီး(ခ)ငြိမ်းထက်နိုင်(၂၀နှစ် )သည် မတ်လ ၂၂ရက်တိုက်ပွဲတွင်ကျဆုံးခဲ့သည်။
မတ်လ၂၁ ရက် နံနက်(၁၀)နာရီမှ ညနေ(၆)နာရီထိ ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါတမကြီးအုပ်စု အတွင်း၌တစ်နေကုန်နီးပါးဖြစ်ပွားခဲ့သောတိုက်ပွဲတွင်စစ်ကောင်စီတပ်မှ အသေအဆုံးများပြီး အထိနာသဖြင့် ဘောလခဲမြို့မှလက်နက်ကြီးပစ်ကူ (၁၀)ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့သည်၊၊
ထို့ပြင် ညနေ ၅နာရီနှင့် ၆နာရီကြားတွင် တိုက်လေယာဉ်နှစ်စီးဖြင့် ၆ကြိမ်ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ထိုတိုက်ပွဲအတွင်း ကရင်နီပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်တစ်ဦးကျဆုံး၍ ရဲဘော်၂ဦး မစိုးရိမ်ဒဏ်ရာရရှိခဲ့သည်ဟုကရင်နီစစ်ဘက်ဆိုင်ရာဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။