ကောင်းချစ်အောင်
မတ် ၂၄၊ ၂၀၂၃။
ခင်ဦးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝင်းအောင်၏ ဇနီးနှင့်သမီးဖြစ်သူကို အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၃ နှစ်စီ ချမှတ်လိုက်သည်ဟု မိသားစုနှင့် ရင်းနှီးသူများထံမှတဆင့် သိရသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဒေါက်တာဝင်းအောင်၏ ဇနီးဖြစ်သူဒေါ်ခင်သန်းနုနှင့် သမီးဖြစ်သူ မအိနန္ဒာအောင်တို့ကို ခင်ဦးစစ်ခုံရုံးက နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ ရာဇသတ်ကြီးပုဒ်မ ၅၀၅–က(ဂ)နှင့် ထောင်ဒဏ်သုံးနှစ်စီချခံလိုက်သည်ဟု အမည်မဖော်လိုသည့် မိသားစုနှင့်နီးစပ်သူတစ်ဦးက သံလွင်ခက်ကိုပြောသည်။
“အန်တီတို့သားအမိနှစ်ယောက်လုံးကို အမိန့်ချလိုက်တာဟုတ်ပါတယ်။ အဖမ်းခံရတာ တစ်လမပြည့်သေးပါဘူး“ဟု ၎င်းကဆိုသည်။
ခင်ဦးမြို့နယ်အတွင်း အစိုးရဝန်ထမ်းများနှင့် ပြည်သူများအား ပြစ်မှုများကျူးလွန်လာစေရန် စည်းရုံးလှုံ့ဆော်သည်ဟူသော စွဲချက်ဖြင့် အဆိုပါပြစ်ဒဏ်များချမှတ်ခဲ့သည်ဟု စစ်ကောင်စီမီဒီယာများတွင် ထည့်သွင်းဖော်ပြထားသည်။
“အန်တီတို့ကအေးဆေးနေတာပါ သားအငယ်လေးက ကျန်းမာရေးချို့တဲ့လို့ မရှောင်ဘဲ မြို့ပေါ်အိမ်မှာပဲနေတာဒေါက်တာဝင်းအောင်ကိုဖမ်းလို့မရတာနဲ့စွဲစိတဲ့သဘောပဲ“ဟု ခင်ဦးအခြေစိုက် Black Wolf ပြောက်ကျားတပ်ဖွဲ့မှတာဝန်ခံက ဆိုသည်။
ဒေါက်တာဝင်းအောင်သည် ၂၀၁၅ နှင့် ၂၀၂၀ ရွေးကောက်ပွဲနှစ်ကြိမ်လုံးတွင် ခင်ဦးမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် အနိုင်ရခဲ့သူဖြစ်ပြီး လက်ရှိတွင် လွတ်မြောက်နယ်မြေတစ်နေရာတွင် တိမ်းရှောင်နေခြင်းဖြစ်သည်။
ဒေါက်တာဝင်းအောင်၏ ဇနီးနှင့်သမီးဖြစ်သူကို ထောင်ဒဏ်ချမှတ်လိုက်သည်မှာ မှန်ကန်သည်ဟု အမျိူးသားဒီမိုကရေစီအဖွဲ့ချုပ် စမ်းချောင်းမြို့နယ်၊ ပါတီအလုပ်အမှုဆောင်အဖွဲ့ ဒုတိယဥက္ကဌ ဦးဘိုဘိုဦးက အတည်ပြုပြီး စစ်ကောင်စီသည် အတုအယောင်ရွေးကောက်ပွဲကျင်းပချင်သောကြောင့် ပါတီနှင့်ဆက်စပ်သူများကို ပစ်မှတ်ထားထောင်ဒဏ်ချမှတ်နေခြင်းဖြစ်သည်ဟု ဦးဘိုဘိုဦးကပြောသည်။
” ပြည်သူလူထုဟာ အသက်အိုးအိမ်စည်းစိမ်ကို ကိုယ့်ဘာသာကာကွယ်နေရတာပါ ဒီလိုအခြေအနေမှာရွေးကောက်ပွဲတစ်ခုလုပ်မယ်ဆိုတာ အင်မတန်ရယ်စရာကောင်းပါတယ်“ဟု၎င်းကဆိုသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၄ ရက် ညနေပိုင်းတွင် ခင်ဦးမြို့ပေါ်ရှိ ဇနီးဒေါ် ခင်သန်းနုနှင့် မအိနန္ဒာအောင်တို့ကို စစ်ကောင်စီက အင်အားအလုံးအရင်းဖြင့် လာရောက်ဖမ်းဆီးသွားခဲ့ပြီး တစ်လမပြည့်ခင်အချိန်တွင် ယခုလိုချမှတ်လိုက်ခြင်းဖြစ်သည်။
စစ်အုပ်ချုပ်ရေး (Martial Law) ကြေညာထားသည့် အနောက်မြောက်ပိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း စစ်ခုံရုံးဖြင့်စစ်ဆေးပြီး ၆၃ဦးအား အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေဖြင့် ထောင်ဒဏ်များချမှတ်ခဲ့ပြီးဖြစ်သည်ဟု စစ်ကောင်စီသတင်းချန်နယ်များတွင် ဖော်ပြထားသည်။