မတ် ၂၄ ၊ ၂၀၂၃ ။
ကရင်နီပြည်၊ ဘောလခဲခရိုင်အတွင်းရှိ သစ်လုပ်ငန်းတစ်ခုအတွင်းကို စစ်ကောင်စီတပ်ကလေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၃ဦးသေဆုံး၍ ၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဘောလခဲမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ပြန်ကြားရေးတာဝန်ခံက သံလွင်ခက်ကိုပြောသည်။
ယမန်နေ့ မတ်လ ၊ ၂၃ ရက်နေ့ ညနေ ၄ နာရီ ခွဲ ခန့်အချိန်တွင် စစ်ကောင်စီတပ်မှ ဘောလခဲ ခရိုင်အတွင်း ပြည်သူများ လုပ်ငန်းလုပ်ဆောင်နေသော လုပ်ငန်း နေရာတစ်ခုကို တိုက်လေယာဉ် ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဘောလခဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကဖော်ပြထားသည်။
ထိုတိုက်ခိုက်မှုတွင် သစ်လုပ်ငန်းလုပ်ကိုင်နေသော အမျိုးသားသုံးဦး သေဆုံး၍ ၅ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။
” သေဆုံးသွားတာက သစ်လုပ်ငန်းမှာလုပ်နေတဲ့ အလုပ်သမားတွေပါပဲ။ အသက်က ၂၀ နဲ့ ၅၀ကြားဝန်းကျင်တွေပါ။ ဒဏ်ရာရ ၅ဦးထဲမှာက ၂ဦးကစိုးရိမ်ရတဲ့အခြေအနေရှိတယ် “ဟု ဘောလခဲPDF ပြန်ကြားရေးတာဝန်ခံက ယနေနံနက် ၁၀ နာရီခန့်တွင်ပြောသည်။
ဘောလခဲမြို့နယ်တွင် ယခုမတ်လ ၁၆ ရက်တွင် ရေနီပေါက်ကျေးရွာအနီး၌ တိုက်ပွဲများဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်မှ ဘောလခဲမြို့အနီးနားရှိ ရေနီပေါက်ကျေးရွာနှင့် မိုင်းထမ်းကျေးရွားများအား လက်နက်ကြီးနှင့်နေ့စဉ် ပစ်ခတ်လျက်ရှိသည်ဟုသိရသည်။
ထိုပစ်ခတ်မှုများကြောင်း ကျေးရွာ ၂ရွာပေါင်း အိမ်ခြေ ၂၀ လုံးထိခိုက်ပျက်စီးခဲ့ပြီး ဘုန်းကြီးကျောင်း တစ်ကျောင်းထိခိုက်ပျက်စီးခဲ့သည်။ ထို့ပြင်အဆိုပါ ကျေးရွာများမှ ပြည်သူ ၁၀၀၀ ဦးခန့်သည် ဘေးလွှတ်ရာသို့ ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေရပြီး စစ်ဘေးရှောင်အခက်ခဲများနှင့် ကြုံတွေ့နေရသည်။
” တချို့နေရာတွေမှာ စစ်ကြောင်းမထိုးသော် ငြားလက်နက်ကြီးနဲ့ပစ်ခတ်၊ လေယာဥ်နဲ့လိုက်ဗုံးကြဲနေတော့ ဘယ်နေရာမှလုံခြုံမှုမရှိပါဘူး “ဟု ကရင်နီလူ့အခွင့်အရေးအဖွဲ့ဥက္ကဋ္ဌဦးဗညားကပြောသည်။
ဘောလခဲမြို့နယ်စစ်ဗျူဟာအတွင်းကိုရဟတ်ယာဥ်ဖြင့် နေ့စဥ်ပုံမှန်ဆင်းသက်၍ စစ်ကောင်စီက အင်အားဖြည့်တင်းမှုများဆက်တိုက်ပြုလုပ်နေသည်။
လက်ရှိတွင် ဘောလခဲမြို့နယ်အတွင်းရှိစစ်ကောင်စီတပ်အင်အားကို ခန့်မှန်းသိရှိနိုင်ရန်ခက်ခဲနေသော်လည်းစစ်ကြောင်းသုံးကြောင်းရှိနေသည်ဟု ဘောလခဲPDFတာဝန်ရှိသူကပြောသည်။
” အခုလောလောဆယ်မှာ သူတို့ကစစ်ကြောင်းထိုးလို့မရတဲ့ အနေအထားမှာရှိတယ်ပေါ့။ ကျွန်တော်တို့ကဘောလခဲမြို့ရဲ့အရှေ့ကမ်းတစ်နေရာမှာ သူတို့ကအနောက်ဘက်ကမ်းမှာအဲလိုမျိုး။ သူတို့ကရှေ့ဘက်ကမ်းကျေးရွာတွေကိုစစ်ကြောင်းထိုးချင်ရင်တော့ ကျွန်တော်တို့ကိုဖြတ်ရမှာဆိုတော့ နှစ်ဖက်ကြားတင်းမာမှုတွေဖြစ်နေတာပေါ့ “ဟု၎င်းကပြောသည်။
ယခုမတ်လ၁၆ရက်တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည့်ဖြစ်စဥ်သည် စစ်ကောင်စီတပ်က ကျေးရွာများဘက်စစ်ကြောင်းထိုးလာစဥ် ကင်းယူထားသော ဘောလခဲPDF တပ်ဖွဲ့က ခုခံတားဆီးခဲ့ရာမှ နှစ်နာရီခန့်အကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားခြင်းဖြစ်သည်ဟုသိရသည်။