ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်ရှိ ဖစ်တက် (မြန်မာ) Fitex (Myanmar) Garment Manufacturing Co.,Ltd အထည်ချုပ်စက်ရုံရှိ အလုပ်သမား၄၀၀ကျော်အား သင်္ကြန်ပိတ်ရက်တွင် ရက်ခမပေးချင်သည့်အတွက် သတိပေးစာထုတ်ပြန်ခြင်းမရှိပဲ အလုပ်ထုတ်လိုက်သည်ဟု စက်ရုံအလုပ်သမားများကပြောသည်။
“အလုပ်ပိတ််မယ်ဆိုတာကို ကြိုပြောထားခြင်းမရှိပဲ ၃လပိုင်း၁၃ရက်ကနေ ၄လပိုင်း၁၂ရက်ထိပဲဆင်းရမယ်။လုပ်သက်၆လအောက် ဝန်ထမ်းတွေကို အလုပ်ဖြုတ်ပစ်မယ်ဆိုတဲ့အကြောင်းပြောတယ်။၆လမပြည့်သေးတဲ့ဝန်ထမ်းတွေကို လျော်ကြေးမပေးချင်တဲ့ပုံစံမျိုးနဲ့ လူပါးဝပြီး အလုပ်ထုတ်ပစ်တယ်။အော်ဒါမရှိဘူးဆိုတဲ့အကြောင်းပြချက်ပဲပေးတယ်“ဟု စက်ရုံအလုပ်သမား မဇင်မာ (အမည်လွဲ)က သံလွင်ခက်ကိုပြောသည်။
လုပ်သက်၆လအောက်ဝန်ထမ်းများကို အလုပ်ထုတ်ရာတွင်လည်း အထည်ချုပ်သမားများနည်းတူ အလုပ်ဝင်ခဲ့ကြသော ခေါင်းဆောင်ပိုင်း၊HRပိုင်းနှင့် စာရေးများကို အလုပ်ထုတ်ခြင်းမရှိပဲ အထည်ချုပ်သမားကိုသာအလုပ်ထုတ်ခြင်းဖြစ်သည်ဟု ၎င်းကဆက်ပြောသည်။
ထို့ပြင် ယင်းစက်ရုံတွင် လုပ်ကိုင်နေသော အလုပ်သမားတစ်ဦးက“အခုကကျ အလုပ်လဲမရှိဘဲနဲ့ဒီတိုင်းပဲခေါ် ထားတာ ။ဘာမှလဲလုပ်လို့မရဘူး။အလုပ်သမားတွေကလဲ သူတို့အလုပ်ဆင်းထားတဲ့ရက်ကြေးလေးတွေအမြန်ဆုံးရပြီးတော့ ဒီအလုပ်ကနားပြီး တခြားအလုပ်ရှာချင်နေကြပြီလေ။ အဲ့တာမှလဲ သူတို့ကိုမှီခိုနေရတဲ့ မိသားစုတွေအတွက်လဲအဆင်ပြေမှာ“ဟုပြောသည်။
NUGအစိုးရအနေဖြင့်လည်း ပြည်တွင်းရှိ အလုပ်သမားများ ကြုံတွေ့နေရတဲ့ပြဿနာများကို NUGအစိုးရထံတိုင်ကြားနိုင်ရန်“တိုင်ကြားခြင်းများ” ပေ့ခ်ျကို Facebookတွင် ဖွင့်လှစ်ထားသည် ဟု အမျိုးသားညီညွတ်ရအစိုးရNUGအလုပ်သမားဒုဝန်ကြီး ဦးကျော်နီက ပြောသည်။
“အဓိကကတော့ ကျနော်တို့ဆီတိုင်ကြားတာရောက်ဖို့ပဲ။အဲ့ဒီတိုင်ကြားတဲ့ အချက်လက်ပေါ် မူတည်ပြီး ကျနော်တို့ထပ်ပြီးတော့ စုံစမ်းဖို့က နောက်ပိုင်းစီစဉ်ရမှာက ကျနော်တို့တာဝန်ဖြစ်ပါတယ်။တိုင်ကြားမှုမရှိတဲ့ ကိစ္စတွေကျတော့ ကျနော်တို့ကတစ်ဆင့်ပြန်ကြားရသလိုဖြစ်နေတဲ့ခါကျတော့ ကျနော်တို့ဘက်က တိကျတဲ့အချက်လက်တွေကောက်ယူဖို့ကအစ ခက်ခဲတယ်။ဒါကြောင့် တိုင်ကြားဖို့သာအဓိကဖြစ်ပါတယ်။“ဟု ၎င်းက ပြောသည်။
အဆိုပါစက်ရုံသည် တရုတ်နိုင်ငံသားပိုင်ဖြစ်ပြီး လှိုင်သာယာမြို့နယ် ရွှေလင်ဗန်း စက်မှုဇုန် ဉီးအောင်သူလမ်းအမှတ် ၁၀၇/၁၀၈တွင် တည်ရှိပြီး AMISU ကုန်အမှတ်တံဆိပ်ကို အဓိကထားချုပ်လုပ်နေသောစက်ရုံဖြစ်ပြီးစက်ရုံအလုပ်သမားဉီးရေ ၇၀၀ကျော်ဖြင့် လည်ပတ်နေသည်။
မြန်မာနိုင်ငံရှိ အထည်ချုပ်စက်ရုံများတွင်အလုပ်လုပ်ကိုင်နေသော အလုပ်သမားများအား အလုပ်ရှင်များမှဖိနှိပ်မှုများရှိပြီး အကြောင်းပြချက်မရှိ အလုပ်နားခိုင်းမှုများဖြစ်ပေါ်နေသည်ဟု အလုပ်သမားအရေးကူညီသူများကပြောသည်။
Photo-FGWM(အလုပ်ထုတ်ပယ်လိုက်သည့်စက်ရုံလုပ်ငန်းခွင်)