ရှမ်းပြည်နယ်တောင်ကြီးမြို့တွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNO ပြည်သူ့စစ်က ဦးဆောင်ပြုလုပ်ခဲ့သော လူထုဆန္ဒထုတ်ဖော်ပွဲ၏ နောက်ဆက်တွဲ အကျိုးရလဒ်များကြောင့် ကယန်းလူမျိုးစုနှင့်ပအိုဝ်းလူမျိုးစုများကြား မုန်းတီးရေးဝါဒဖြန့်ချီသည့်ပြောဆိုမှုများ ပျံ့နှံ့လျက်ရှိသည်ဟု တောင်ကြီးတက္ကသိုလ် ကျောင်းသားများသမဂ္ဂအဖွဲ့က ဖော်ပြထားသည်။
ယခု မတ်လ၁၁ ရက်တွင် ပင်လောင်းမြို့နယ် နမ်းနိန်းကျေးရွာဘုန်ကြီးကျောင်းတွင် ဖြစ်ပွားခဲ့သော သံဃာ၃ပါးနှင့် အမျိုးသမီးတစ်ဦးအပါအဝင် ပြည်သူ ၂၂ ဦးအစုလိုက်သတ်ဖြတ်ခံရမှုနှင့်ပတ်သက်၍ PNOက ဦးဆောင်ပြီး လူထုဆန္ဒထုတ်ဖော်ကို မတ်လ ၁၅ ရက်တွင်ပြုလုပ်ခဲ့သည်။
ထိုဆန္ဒထုတ်ဖော်ပွဲသည် စစ်ကောင်စီတပ်၏လုပ်ရပ်များကို အကာကွယ်ပေးခဲ့သည့်အပြင် ကယန်းလူမျိုးစုနှင့်ပအိုဝ်းလူမျိုးစုများကြား လူမျိုးရေး၊ဘာသာရေး ပဋိပက္ခများကိုအသွင်ဆောင်သည့်သဘောမျိုး ကြွေးကြော်ခဲ့ကြသည်။
” ဆန္ဒပြပွဲပြီးပြီးနောက်ပိုင်းမှာတော့ social media မှာ ပွဲတော်တော်ဆူသွားတယ် ။ တချို့သောစကားသုံးနှုန်းတွေက လူ့အသိုင်းအဝိုင်းတွက် အဆိုးရွားဆုံးစကားလုံးတွေပေါ့နော် “ပအိုဝ်းဒေသထဲရောက်နေတဲ့ စစ်ဘေးရှောင်တွေကို မောင်းထုတ်လိုက်”၊ “ပအိုဝ်းဒေသထဲ ရောက်နေတဲ့ ကယန်းတွေကို KNDF/PDF တွေသတ်သလို ပြန်သတ်လိုက်”၊ “KNDFကို မထောက်ခံဘူးဆိုတဲ့ အထောက်အထားကို စာရင်းပြုစုပြီး သက်သေမပြနိုင်ရင် မနေနဲ့ မဟုတ်ရင် သတ်မယ်”။ ဆိုတဲ့ ဆိုးရွားတဲ့ စကားလုံးတွေ တော်တော်မြင်ရတယ် “ဟု တောင်ကြီးတက္ကသိုလ်ကျောင်းသားများသမဂ္ဂအဖွဲ့ဝင် ပအိုဝ်းလူငယ်တစ်ဦးက ပြောသည်။
ထိုသို့လူမျိုးစု နှစ်ခုကြားအထင်အမြင်လွဲမှားစေသည့် ပြောဆိုမှုများအပြင် ဘာသာရေးပဋိပက္ခကိုဖြစ်စေသည့်ပြောဆိုမှုများလည်းတွေ့ရသည်ဟု ၎င်းကဆက်လက်ပြောကြားသည်။
” ဘာသာရေးမှိုင်းမှာလည်း သူတို့က ခရစ်ယာန်တွေ ဗုဒ္ဓဘာသာဘုန်းကြီးကို သတ်တယ် ။ဘုန်းကြီးကျောင်းကို မီးရှို့တယ်။ ငါတို့လည်း သူတို့ ကျောင်းတွေကို မီးရှို့ဖျက်ဆီးရမယ်ဆိုတဲ့အထိ တွေ့ရတယ်ဗျ “ဟု ပြောသည်။
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသမှ ပအိုဝ်းပြည်သူ နှစ်သောင်းခန့်တက်ရောက်ခဲ့သည့် လူထုဆန္ဒထုတ်ဖော်ကို PNOက စစ်ကောင်စီအလိုကျ ပြုလုပ်ပေးခြင်းဖြစ်ပြီး ပအိုဝ်းပြည်သူအများစုမှာ အတင်းအကြပ်ဖိအားပေးခံရ၍ တက်ရောက်ခဲ့ကြရခြင်းဖြစ်သည်ဟု တောင်ကြီးမြို့နယ်မှ
ပအိုဝ်းအမျိုးသားတစ်ဦးက ပြောသည်။
” ဆန္ဒပြပွဲသွားမှာလား ငွေ ငါးသောင်းထည့်မလားဆို သာမန်နိုင်ငံရေးမသိနားမလည်တဲ့တောင်သူလယ်သမားက ဘယ်ဟာလုပ်မလဲဆိုတာ ရှင်းပါတယ်။ ကျွန်တော်တို့အိမ်ကိုယ်တိုင် မသွားချင်လို့ မသွားလည်းမရလို့ လူငှားထည့်ရပါတယ်ခင်ဗျာ “ဟု ၎င်းကပြောသည်။
ပင်လောင်းမြို့နယ်ပြီးခဲ့သည့်ဖေဖော်ဝါရီလ နောက်ဆုံးအပတ်တွင်းမှစ၍ ယခုမတ်လတတိယအပတ်တွင်းထိ တိုက်ပွဲများဖြစ်ပွားပြီး စစ်ရေးတင်းမာလျက်ရှိနေသည်။ တိုက်ပွဲများအတွင်း၌ စစ်ကောင်စီတပ်နှင့်အတူ စစ်ကြောင်းထိုးနေသည့် PNO/PNA တပ်ဖွဲ့ဝင်များလည်း ထိခိုက်ကျဆုံးမှုများရှိနေသည်။
ထို့ပြင်တိုက်ပွဲများကြောင့် ဒေသခံပအိုဝ်းပြည်သူ ၄၀၀၀ ဦးကျော်အထိဘေးလွတ်ရာရှောင်တိမ်းနေကြရပြီး ပအိုဝ်းပြည်သူများ၏ အသက်အိုးအိမ်စည်းဇိမ်များစွာလည်း ဆုံးရှုံးနေကြရသည်။
ပအိုဝ်းပြည်သူများနည်းတူ မြန်မာတစ်နိုင်ငံလုံးရှိပြည်သူများလည်း အာဏာသိမ်းစစ်ကောင်စီ၏ သတ်ဖြတ်၊ မီးရှို့ဖျက်ဆီးမှုများကို ကြုံနေကြရသည့်အတွက် စစ်အာဏာရှင်ကို အမြစ်ပြတ်တိုက်ထုတ်နိုင်မှ ပြည်သူများ၏ဒုက္ခများအားလုံးချုပ်ငြိမ်းမည်ဟု ပအိုဝ်းတော်လှန်ရေး လူငယ်တစ်ဦးကပြောသည်။
” ကျနော်တို့က လူ့အသိုင်းအဝိုင်းမှာ နေနေကြတာပါ။ KNDF/PDFလည်း လူမျိုးရေးကို လုပ်နေကြတာမဟုတ်ဘူး။ အားလုံးက နိုင်ငံအတွက် ပြည်သူအတွက် လုပ်နေကြတာဖြစ်တယ်။
ကိုယ့်လူမျိုးက ဒီလိုစစ်ဘေးရှောင်ရလို့ ကျနော်တို့လည်း ဝမ်းနည်းရတာပါဘဲ။ ဒါပေမယ့် ဒီဒုက္ခသောကတွေက ခဏတာပဲဖြစ်ပါမယ်။ စစ်ဖိနပ်အောက်က ရုန်းထွက်ဖို့ ကြိုးစားရင်း ကျဆုံးခဲ့ရတဲ့ ပအိုဝ်းလူငယ်တွေ တိုင်းရင်းသားညီနောင်လူငယ်တွေအားလုံးဟာ ပြည်သူတွေအတွက်လုပ်ခဲ့ကျလို့ ကျဆုံးခဲ့ရတာပါ “ဟု
၎င်းကပြောသည်။
အာဏာသိမ်းကာလအတွင်း၌ တစ်နိုင်ငံလုံးကပေါ်ထွက်လာသည့် PDF များနည်းတူ တစ်မျိုးသားလွတ်မြောက်မှုနှင့် တန်းတူရည်တူအခွင့်အရေးရရှိမှုတို့အတွက် တိုက်ပွဲဝင်နေသည့် ပအိုဝ်းတော်လှန်ရေးလူငယ်က လက်ရှိ PNO၏ လုပ်ရပ်သည် ပအိုဝ်းလူမျိုးတို့၏ ရိုးသားမှု၊ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်တတ်မှုကို နောင်တချိန်တွင် ပြည်ထောင်စုဖွားတိုင်းရင်းသားများ၏ ဟားတိုက်မှုကို ခံရမယ့်အဖြစ်မျိုးဖြစ်သဖြင့် အတော်စိုးရိမ်မိသည်ဟု မှတ်ချက်ပြုပြောဆိုသည်။
” PNO စစ်သည်ကျတာကို ဝမ်းနည်းရင် တိုင်းရင်းသားပြည်သူလူထုတွေ နေ့စဉ်နဲ့အမျှသေကြေ နေရတာကိုလည်း ဝမ်းနည်းကြဖို့လိုတယ်၊၊
ပအိုဝ်းပြည်သူလူထုတွေလည်း PNO ရဲ့ လုပ်ရပ်ကို ရပ်တန့်ခိုင်းဖို့လိုပါတယ်၊၊ ပြည်သူတွေလည်း စကစရဲ့ လူမျိုးရေး ဘာသာရေးမှိုင်းတိုက်မှုကို ရှောင်လွဲနိုင်ပါမှလည်း သမိုင်းတရားခံမဖြစ်ကြမှာပါ၊ မဟုတ်ရင် တော်လှန်ရေးအတွက် နစ်နာဆုံးရှုံးမှုများပြီး လူထုလွတ်မြောက်ရေးအိမ်မက်ဟာလည်း မှေးမှိန်ဆိတ်သုဉ်းသွားမှာဖြစ်တယ် “ဟု ၎င်းကပြောသည်။
PNO သည် မြန်မာစစ်တပ်နှင့်ငြိမ်းချမ်းရေးယူပြီး ၂၀၀၉ ခုနှစ်မှ ပြည်သူစစ်အဖြစ်အသွင်ပြောင်းဖွဲ့စည်းခဲ့သည်။ ထို့နောက်ပိုင်း PNOသည် ပအိုဝ်းလူမျိုးစုများဖွံ့ဖြိုးတိုးတက်ရေးအတွက်ထက် ၎င်းတို့ခေါင်းဆောင်းပိုင်းအနည်းစု၏အကျိုးစီးပွားသာကြည့်၍ ပြည်သူများကိုနည်းမျိုးစုံဖိနှိပ်ချုပ်ချယ်ခဲ့သည်ဟု ပအိုဝ်းလူငယ်များကပြောသည်။
ထို့ပြင်လက်ရှိအာဏာသိမ်းအာလအတွင်း၌လည်း ပအိုဝ်းလူငယ်များကိုအတင်းဖိအားပေး၍ စစ်သင်တန်းများတက်ရောက်ခိုင်း၍ PNA တပ်ဖွဲ့ဝင်များကို စစ်ကောင်စီတပ်နှင့်အတူ စစ်ကြောင်းထိုးစေသည်ဟု သိရသည်။
ထို့ကြောင့် လက်ရှိတွင် အာဏာသိမ်းစစ်ကောင်စီ၏အလိုကျဆောင်ရွက်နေရသော PNO အနေဖြင့် ပအိုဝ်းပြည်သူများအကျိုးကိုရှေ့ရှူ၍ အမှန်တရားဘက်မှ ရပ်တည်ရန်အချိန်ကျပြီးဟု ပအိုးဝ်လူငယ်များကပြောဆိုသည်။
နမ်းနိန်းရွာကျေးရွာ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှုကိစ္စရပ်အတွက် PNO ပြည်သူ့စစ်ခေါင်းဆောင်များအနေဖြင့် ပအိုဝ်းအမျိုးသားလူထုအပေါ် မြေပြင်ဖြစ်ရပ်မှန်များအတိုင်း ရဲဝံ့စွာရပ်တည်ပေးပါရန်နှင့် တိုက်ပွဲရှောင်ပြည်သူလူထု၏ နေထိုင်ရေးနှင့်စားနပ်ရိက္ခာများအတွက်ပံပိုးကူညီပေးရန် တောင်ကြီးတက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ တိုက်တွန်းထားသည်။
ပုံစာ-တောင်ကြီးမြို့တွင် ယခုလ ၁၅ရက်၌ PNOက ဦးဆောင်ပြုလုပ်ခဲ့သည့် ဆန္ဒထုတ်ဖော်ပွဲ ။
***********************************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk
YouTube -> https://youtu.be/kazoupBwT0Y
Website -> https://thanlwinkhet.net/?p=3020
Website ->https://eng.thanlwinkhet.net