ရှမ်းပြည်နယ်မြောက်ပိုင်း တအာင်းဒေသကို စက်တင်ဘာလ တစ်လတည်း၌ စစ်ကော်မရှင်တပ်က လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းများဖြင့် အကြိမ်ရေ စုစုပေါင်း ၁၄ ကြိမ် တိုက်ခိုက်ခဲ့ရာတွင် ကျောက်မဲမြို့ကို ၁၀ ကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့သည်ကို TNLA ထုတ်ပြန်ချက်တွင် တွေ့ရသည်။
ကျောက်မဲမြို့နယ်သည် ၁၀ ကြိမ် ဖြင့် အများဆုံး တိုက်ခိုက်ခံခဲ့ရပြီး မိုးကုတ်မြို့နယ် တွင် ၂ ကြိမ်၊ ကျန်မြို့နယ်များဖြစ်သည့် သီပေါနှင့် မိုင်းလုံမြို့နယ်တို့တွင်မူ တစ်ကြိမ်စီ တိုက်ခိုက်ခံခဲ့ရသည်။
စက်တင်ဘာလအတွင်း စစ်ကော်မရှင်တပ်မှ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်နှင့် မိုင်းလုံမြို့နယ်များသို့ အဆိပ်ငွေ့ဗုံးအပါအဝင် ဗုံးလုံးရေ ၅၀ အထိ လာရောက်ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ တိုက်ခိုက်မှုများအတွင်း အရပ်သားပြည်သူ အမျိုးသား သုံးဦး သေဆုံးပြီး အမျိုးသား တစ်ဦးနှင့် အမျိုးသမီး လေးဦး စုစုပေါင်း ငါးဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
ကျောက်မဲမြို့နယ်ကို စစ်တပ်က ဂျက်ဖိုက်တာ၊ လက်နက်ကြီးနှင့် ဒရုန်းဖြင့် ၁၀ ကြိမ် တိုက်ခိုက်ခဲ့ရာ အမျိုးသား ၃ ဦး သေဆုံး၊ အမျိုးသမီး ၃ ဦး ဒဏ်ရာရရှိခဲ့သည်။ နေအိမ် ၁၆ လုံး၊ စာသင်ကျောင်း တစ်ကျောင်း၊ ဘုန်းကြီးကျောင်း နှစ်ကျောင်း၊ ဆွမ်းစားဆောင် တစ်ဆောင်နှင့် ကား တစ်စီး ပျက်စီးခဲ့သည်ဟု သိရသည်။
စစ်ကောင်စီတပ်သည် ရှမ်းပြည်နယ်နှင့် အဓိကနယ်စပ်ကုန်သွယ်ရာ လမ်းကြောင်းပေါ်ရှိ နောင်ချိုမြို့ ကို ပြန်လည်ထိန်းချုပ်လိုက်ပြီးနောက် ဩဂုတ်လ ၁၈ ရက်မှစတင်ကာ ကျောက်မဲမြို့နယ်ဘက်သို့ လေကြောင်းနှင့် ဒရုန်းများကို အဓိကအသုံးပြုကာ တန်ပြန်ထိုးစစ်များ ဆင်နွှဲခဲ့ခြင်းဖြစ်သည်။ ဒေသခံများ၏ ပြောဆိုချက်အရ စစ်ကောင်စီတပ်ဖွဲ့များသည် အောက်တိုဘာလ ၁ ရက် နေ့လည်မှစ၍ ကျောက်မဲမြို့ကို အလုံးစုံ ပြန်လည်သိမ်းပိုက်လိုက်ပြီဟု သိရသည်။
ကျောက်မဲမြို့ကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၅ ရက်တွင် သိမ်းပိုက်ထိန်းချုပ်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် TNLA ထိန်းချုပ်ထားသော ကျောက်မဲမြို့ကို တစ်နှစ်ကျော်အကြာတွင် စစ်ကောင်စီက ပြန်လည်သိမ်းပိုက်ရန် ကြိုးပမ်းလာခဲ့ခြင်းဖြစ်သည်။
မြို့ပြန်သိမ်းပိုက်နိုင်ရေး စစ်ကော်မရှင်၏ ပစ်မှတ်ထားတိုက်ခိုက်မှုများကြောင့် အရပ်ဘက်အဆောက်အအုံများနှင့် ဘာသာရေး အဆောက်အအုံများပါ ထိခိုက်ပျက်စီးခဲ့သည်ကို တွေ့ရသည်။
ကျောက်မဲ၊ သီပေါ၊ မိုးကုတ်နှင့် မိုင်းလုံမြို့နယ် လေးခုအတွင်း စုစုပေါင်းနေအိမ် ၄၅ လုံး၊ စာသင်ကျောင်း တစ်ကျောင်း၊ ဘုန်းကြီးကျောင်း သုံးကျောင်း အပါအဝင် အဆောက်အအုံများစွာ ပျက်စီးခဲ့ရသည်။
စစ်ကော်မရှင်တပ်သည် ပြီးခဲ့သည့် သြဂုတ်လကတည်းကလည်း ကျောက်မဲ၊ မိုးကုတ်၊ မိုင်းငေါ့၊ သီပေါနှင့် မိုင်းလုံမြို့နယ်တို့၌ လေကြောင်း၊ လက်နက်ကြီးနှင့် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။ ထိုတိုက်ခိုက်မှုများကြောင့် သံဃာတော်၊ သီလရှင်၊ ကလေးငယ်အပါအဝင် ပြည်သူလူထု ၄၆ ဦး သေဆုံးခဲ့ကာ ၅၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု မှတ်တမ်းများအရ သိရသည်။
၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ် စက်တင်ဘာလအထိ စစ်ကော်မရှင်သည် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် လေကြောင်းတိုက်ခိုက်မှု စုစုပေါင်း ၄၀၀ ကြိမ်ကျော် ပြုလုပ်ခဲ့သည်။ ထိုတိုက်ခိုက်မှုများကြောင့် အရပ်သား ၅၀ ဦးထက်မနည်း သေဆုံးခဲ့ရသည် ဟု စောင့်ကြည့်လေ့လာသည့် အဖွဲ့များ၏ စစ်တမ်းများက ဖော်ပြထားသည်။
#တအာင်းဒေသ #တစ်လအတွင်းဗုံး၅၀လုံးကြဲချ #ကျောက်မဲ #ThanLwinKhetNews