ပဲခူးတိုင်း၊ သာယာဝတီအကျဉ်းထောင်တွင် လွတ်ရက်စေ့ပြီး ပြန်လွတ်လာသည့် နိုင်ငံရေးအကျဉ်းသား ၅ ဦးသည် ထောင်တံခါးဝ၌ပင် စစ်ကော်မရှင်၏ ရဲကားဖြင့် ပြန်လည်ဖမ်းဆီးခေါ်ဆောင်သွားခြင်း ခံခဲ့ရသည်ဟု နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) မှ သိရသည်။
၎င်းတို့အား ယခင်ပြစ်ဒဏ်များ လွတ်ငြိမ်းပြီးသော်လည်း ပိုမိုပြင်းထန်သည့် အကြမ်းဖက်ပုဒ်မများဖြင့် နောက်ထပ်တရားစွဲဆိုရန် ပြင်ဆင်လျက်ရှိသည်ဟု PPNM က ထုတ်ပြန်ဖော်ပြထားသည်။
အောက်တိုဘာလ ၁ ရက်တွင် သာယာဝတီထောင်မှ နိုင်ငံရေးအကျဉ်းသား ၁၆ ဦးအပါအဝင် စုစုပေါင်း ၃၀ ဦး လွတ်ရက်စေ့ခဲ့သည်။ သို့သော် လွတ်မြောက်လာသူများအနက် ခြောက်ဦးကို စစ်ကော်မရှင်လက်အောက်ခံ ရဲတပ်ဖွဲ့က ထောင်ဗူးဝ၌ပင် ချက်ချင်း ဖမ်းဆီးပြီး သာယာဝတီရဲစခန်းသို့ ခေါ်ဆောင်သွားခဲ့သည်ဟု သိရသည်။
ပြန်လည်ဖမ်းဆီးခံရသူများအနက် တစ်ဦးသာ ပြန်လွတ်မြောက်ခဲ့ပြီး ကျန်နိုင်ငံရေးအကျဉ်းသား ငါးဦးကိုမူ နောက်ထပ်အမှုများဖြင့် ထပ်မံဖမ်းဆီးကာ သာယာဝတီအကျဉ်းထောင်သို့ ပြန်ပို့ချုပ်နှောင်ခဲ့ခြင်းဖြစ်သည်။
လက်ရှိ အမှုထပ်တိုး ဖမ်းဆီးခံထားရသူ လေးဦးမှာ ယခင်က နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ နှင့် မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇(၁) တို့ဖြင့် ထောင်ဒဏ်များ ကျခံပြီးစီးခဲ့သော်လည်း ယခုအခါ ပိုမိုပြင်းထန်သော အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၂ ဖြင့် ထပ်မံတရားစွဲဆိုရန် ပြင်ဆင်နေကြောင်း သိရသည်။
ထိုသို့ လွတ်ရက်စေ့ပြီးသား နိုင်ငံရေးအကျဉ်းသားများကို ထောင်ဝ၌ပင် နောက်ထပ်အမှုများဖြင့် ချက်ချင်း ပြန်လည်ဖမ်းဆီးသည့် ဖြစ်စဉ်များသည် ၂၀၂၅ ခုနှစ်အတွင်း အကျဉ်းထောင်များတွင် ဆက်တိုက် ဖြစ်ပွားနေသည်။ စစ်ကော်မရှင်သည် နိုင်ငံရေးသမားများကို လွတ်မြောက်ခွင့်ပေးရန် ငြင်းဆန်ကာ ပြင်းထန်သည့် ပုဒ်မများဖြင့် ဖိနှိပ်ချုပ်ချယ်မှုများကို ပေါ်ပေါ်တင်တင် ပြုလုပ်လာနေသည်။
PPNM က “အပြစ်မဲ့သူများ၏ လူ့အခွင့်အရေးကို ထိခိုက်စေသည့်အတွက်” ဤလုပ်ရပ်ကို အပြင်းအထန် ကန့်ကွက်ရှုတ်ချကြောင်း ကြေညာသည်။ ထို့ပြင် နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့အစည်းများအနေဖြင့် စစ်ကော်မရှင်၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို အလေးထားစောင့်ကြည့်ရန်လည်း တိုက်တွန်းထားသည်။
#သာယာဝတီထောင် #လွတ်ရက်စေ့နိုင်ငံရေးအကျဉ်းသား #ထောင်ဝ၌ပြန်ဖမ်းခံရ #ThanLwinKhetNews