မြိတ်-ထားဝယ်ခရိုင်၊ တနင်္သာရီနယ်မြေအတွင်းရှိ အာဏာသိမ်းတပ်ဖွဲ့ဝင် တပ်သား နှစ်ဦးသည် အောက်တိုဘာလ ၁ ရက်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ (၄)၊ တပ်ရင်း (၁၁) ထံသို့ ထပ်မံ အလင်းဝင် ခိုလှုံခဲ့သည်ဟု KNU-ကရင်အမျိုးသားအစည်းအရုံးက ထုတ်ပြန်သည်။
အလင်းဝင်ခိုလှုံလာသည့် အဆိုပါတပ်သား နှစ်ဦးသည် စစ်ကော်မရှင်၏ ခလရ-၂၈၀ တပ်ရင်းမှဖြစ်သည်။ ၎င်းတို့နှစ်ဦးမှာ စစ်ကော်မရှင်တပ်မှ အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်ကာ ပြည်သူ့စစ်မှုထမ်းသင်တန်း တက်ခိုင်းခဲ့သူများ ဖြစ်ပြီး ရှေ့တန်းနယ်မြေဖြစ်သည့် သိန်းခွန်းသို့ ပို့ဆောင်ခံခဲ့ရချိန်တွင် ထွက်ပြေးလွတ်မြောက်လာခြင်း ဖြစ်သည်ဟု သိရသည်။
၎င်းတို့သည် KNLA တပ်ရင်း (၁၁) ထံသို့ လက်နက်မဲ့ အခြေအနေဖြင့် ဘက်ပြောင်းခိုလှုံလာခဲ့ခြင်း ဖြစ်သည်။ ထိုသို့ စစ်ကော်မရှင်တပ်သားများ ဘက်ပြောင်းခိုလှုံလာမှုသည် တနင်္သာရီနယ်မြေတွင် ဆက်တိုက်ဖြစ်ပွားနေခြင်းဖြစ်သည်။
စက်တင်ဘာ ၃၀ ရက်ကလည်း ခလရ-၂၈၀ မှ တပ်သား ၄ ဦးသည် KNLA တပ်မဟာ (၄)၊ တပ်ရင်း (၁၁) ထံသို့ အလင်းဝင်ခဲ့သေးသည်။ ၎င်းတို့အားလုံးမှာ စစ်ကော်မရှင်၏ ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် အတင်းအဓမ္မ စစ်မှုထမ်းရပြီး ရှေ့တန်းသို့ ပို့ဆောင်ခံခဲ့ရချိန်တွင် ထွက်ပြေးလာကြသူများ ဖြစ်သည်။
အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကော်မရှင်၏ တပ်အင်အားစုဆောင်းမှု ဖိအားများနှင့် အကြမ်းဖက်မှုများကို မလိုလားခြင်းကြောင့် တော်လှန်ရေးတပ်ဖွဲ့များထံသို့ ဘက်ပြောင်းအလင်းဝင်မှုများ ဆက်တိုက်တိုးလာနေသည်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ အချက်အလက်များအရ ၂၀၂၄ ခုနှစ်အစောပိုင်းအထိ စစ်ကော်မရှင်တပ်ဖွဲ့ဝင် စုစုပေါင်း တစ်သောင်းခန့် စစ်တပ်မှ ထွက်ခွာခဲ့သည်ဟု သိရသည်။