၂၀၂၅ ခုနှစ် ဇူလိုင်လ ၁ ရက်မှ စက်တင်ဘာ ၃၀ ရက်အထိ သုံးလအတွင်း စစ်တပ်၏ သတ်ဖြတ်မှုကြောင့် အရပ်သားပြည်သူ စုစုပေါင်း ၃၈၇ ဦးကျော် သေဆုံးခဲ့သည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က အောက်တိုဘာ ၁ ရက်တွင် ထုတ်ပြန်သည်။
သုံးလအတွင်း မြန်မာနိုင်ငံအနှံမှ သေဆုံးသူ ၃၈၀ ကျော်တွင် အမျိုးသမီး ၁၅၃ ဦးနှင့် အမျိုးသား ၂၃၄ ဦး ပါဝင်သည်ဟု သိရသည်။
ထို့အပြင် သေဆုံးသည့် အရေအတွက်ထဲတွင် အရွယ်မရောက်သေးသူ ၁၈ နှစ်အောက် ကလေးငယ် ၇၉ ဦးပါဝင်သည်ဟု ဆိုသည်။
သုံးလအတွင်း သေဆုံးခဲ့သည့် ၃၈၀ ကျော်ထဲမှ ၂၃၀ ကျော်သည် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရခြင်းဖြစ်သည်ဟုလည်း AAPP က ဖော်ပြထားသည်။
စစ်တပ်၏ စစ်ကြောင်းထိုးမှုကြောင့် စစ်ရှောင်နေရသည့် အညာဒေသမှ အသက် ၂၀ ကျော် အရွယ် အမျိုးသားတစ်ဦးက “လေယာဥ်နဲ့ လာကြဲတာ လေးခါလောက်ကြုံဖူးတယ်။ ဂျက်နဲ့ လာကြဲတုန်းက အိမ်တစ်လုံးပေါ်ကျပြီး မိသားစုလေးယောက်နဲ့ နွားတစ်ကောင်သေတယ်” ဟု လွန်ခဲ့သည့် ၂ လက လေကြောင်းအန္တရာယ်ကြုံရပုံကို ဆိုသည်။
မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် ပြည်တွင်းစစ်ပဋိပက္ခကြောင့် သုံးလအတွင်း သေဆုံးသူများထဲတွင် မည်သူမည်ဝါ ဖြစ်ကြောင်း အတည်ပြုရန် လိုအပ်နေသေးသည့် သေဆုံးသူ ၄၄၀ ကျော်ရှိနေကာ အတည်ပြုနိုင်ရန် ဆောင်ရွက်နေသည်ဟုလည်း သိရသည်။
စစ်တပ်အာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁ ရက်အထိ ငါးနှစ်ကာလအတွင်း သေဆုံးသူ ၇၃၀၀ ကျော်ရှိလာပြီ ဖြစ်သည်။
ထို့အပြင် အာဏာသိမ်းပြီးချိန်မှ စ၍ လက်ရှိအချိန်ထိ ဖမ်းဆီးခံခဲ့ရသူ ၂၉၇၀၀ ကျော်ရှိပြီး ၂၂၄၀၀ ကျော်သည် ထိန်းသိမ်းခံထားရဆဲ ဖြစ်သည်။
စစ်တပ်က လာမည့် ဒီဇင်ဘာတွင် ရွေးကောက်ပွဲကျင်းပမည်ဟု ကြေညာပြီးနောက်တွင် ၎င်းလက်လွှတ်ဆုံးရှုံးရသည့် နယ်မြေများအား လက်နက်ကြီးနှင့် လေကြောင်းတို့ဖြင့် နေ့စဉ်ရက်ဆက် တိုက်ခိုက်လျက်ရှိသည်။