မြန်မာ့ပန်းချီလောကအတွက် ကြီးမားသော ဆုံးရှုံးမှုတစ်ရပ်အဖြစ် ထင်ရှားကျော်ကြားသည့် သက်တော်ရှည် ပန်းချီပညာရှင် ဆရာကြီး ဦးလွန်းကြွယ် သည် ယနေ့ အောက်တိုဘာ ၂ ရက်၊ နံနက်ခင်းပိုင်း တွင် အသက် ၉၆ နှစ် ၌ ကွယ်လွန်သွားသည်ဟု သိရသည်။
ဆရာကြီး ဦးလွန်းကြွယ်၏ ကွယ်လွန်ခြင်းသတင်းကြောင့် မြန်မာ့အနုပညာနယ်ပယ်အတွင်း ဝမ်းနည်းကြေကွဲကြောင်း မှတ်ချက်ပြုကြသည်များကိုလည်း တွေ့ရသည်။
ပန်းချီဆရာမ ရှီပန်းနီက “ဆရာကြီးက ရှေ့မှီနောက်မှီဆရာကြီးဖြစ်တယ်။ ပန်းချီလောကနဲ့ ပတ်သက်ပြီးတော့ ဆရာကြီးဆီက ရရှိနိုင်တဲ့ ဗဟုသုတတွေ ဆရာကြီးဆီက သိမြင်နိုင်တဲ့ အသိပညာတွေဟာ ဆရာကြီးကို ဆုံးရှုံးလိုက်ရပြီဆိုရင် မရရှိတော့တဲ့အတွက် ပန်းချီလောကသား တစ်ယောက်အနေနဲ့ ဝမ်းနည်းမိပါတယ်။ ငယ်ငယ်တုန်းက ဆရာကြီးဆီက လေ့လာသင်ယူခဲ့ရတာတွေ အများကြီးဖြစ်တဲ့အတွက်ကြောင့် အခုလို ကိုယ်လေးစားချင်ခင်ရတဲ့ ပန်းချီဆရာတစ်ဦး ကွယ်လွန်ချိန်မှာ ဆရာကြီး အသုဘလုပ်ဖို့ကို လိုက်မပို့နိုင်ဘူးဆိုတော့ စိတ်မကောင်းဖြစ်မိတယ်” ဟု ပြောသည်။
ဆရာဦးလွန်းကြွယ်သည် မြန်မာ့ပန်းချီလောကတွင် ခေတ်အဆက်ဆက် အနုပညာလက်ရာများဖြင့် ဂုဏ်ထူးဆောင်ခဲ့သူဖြစ်ပြီး ခေတ်မီပန်းချီပညာရပ်များကို နိုင်ငံတကာအထိ သွားရောက်သင်ယူကာ ပြည်တွင်းတွင် ပြန်လည်မျှဝေပေးခဲ့သည့် ပညာရှင်ကြီးတစ်ဦးလည်းဖြစ်သည်။
၁၉၃၀ ပြည့်နှစ်တွင် မွေးဖွားခဲ့သည့် ဆရာကြီးသည် ငယ်စဉ်ကတည်းက ပန်းချီပညာကို ဝါသနာပါခဲ့ပြီး ဆရာ ဦးလှအောင် နှင့် ဦးသာလွင် တို့ထံမှ ပညာများ စတင်သင်ယူခဲ့သည်။ ၁၉၇၁ ခုနှစ် တွင် ဂျာမနီနိုင်ငံ၌ အနောက်တိုင်းပန်းချီပညာရပ်များကို ဆက်လက်ဆည်းပူးခဲ့ပြီး ရန်ကုန် ယဉ်ကျေးမှုဌာန ပန်းချီပန်းပုကျောင်းတွင်လည်း နည်းပြဆရာ၊ ကျောင်းအုပ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
ဆရာကြီးဦးလွန်းကြွယ်သည် အနုပညာသက်တမ်းတစ်လျှောက်လုံးတွင် ပြည်တွင်းပြည်ပ ပန်းချီပြပွဲများစွာ၌ ၎င်း၏လက်ရာများကို ခင်းကျင်းပြသခဲ့သည်။ ဆရာကြီး၏ ပန်းချီကားများကို မြန်မာနိုင်ငံ အမျိုးသားပြတိုက်၊ စင်ကာပူအနုပညာပြတိုက်နှင့် မလေးရှား အမျိုးသားပန်းချီပြခန်း ကဲ့သို့သော ဂုဏ်သိက္ခာကြီးမားသည့် နိုင်ငံတကာပြတိုက်များကပင် စုဆောင်းသိမ်းဆည်းထားသည်။
၁၉၉၉ ခုနှစ်မှစ၍ Artist Life Gallery ကို တည်ထောင်ဖွင့်လှစ်ကာ ကွယ်လွန်ချိန်အထိ လက်တွေ့အနုပညာနယ်ပယ်တွင် တက်ကြွစွာ ပါဝင်လှုပ်ရှားခဲ့သော ဆရာကြီး၏ ကွယ်လွန်ခြင်းသည် မြန်မာ့အနုပညာသမိုင်းတွင် မေ့မရနိုင်သော ဆုံးရှုံးမှုတစ်ရပ်အဖြစ် မှတ်ချက်ပြုကြသည်။
#ပန်းချီဆရာကြီးဦးလွန်းကြွယ် #ကွယ်လွန် #ThanLwinKhetNews