ထိုင်းနိုင်ငံ မြို့ကြီးများတွင် ဂိုဏ်းဖွဲ့တည်ထောင်၍ အချင်းချင်း ရိုက်နှက်ခြင်း၊ ခိုက်ရန်ဖြစ်ပွားခြင်း စသည့် ဥပဒေမဲ့ အပြုအမူများအား ပြုလုပ်နေသော ထိုင်းနိုင်ငံဖွား ရှမ်းလူငယ်အချို့ကို ပြတ်သားစွာ ဆန့်ကျင်ကန့်ကွက်ကြောင်း သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) က ယနေ့တွင် ထုတ်ပြန်လိုက်သည်။
RCSS ၏ ထုတ်ပြန်ချက်အရ ရှမ်းလူမျိုးအနည်းစု၏ ဥပဒေချိုးဖောက်မှုများကြောင့် ထိုင်းနိုင်ငံရှိ ရှမ်းလူမျိုးတို့၏ နေထိုင်မှုအပေါ် ထိခိုက်နစ်နာစေပြီး ထိုင်းလူမျိုးများ၏ အထင်မှားခြင်းနှင့် အထင်သေးခြင်း များ ဖြစ်ပေါ်စေခဲ့သည်ဟု ဖော်ပြထားသည်။
ရှမ်းလူမျိုးတို့၏ အကျိုးစီးပွားကို ရည်မှန်း၍ ထိုင်းရောက် ရှမ်းလူမျိုးအားလုံးအနေဖြင့် ထိုင်းလူမျိုးများနှင့် ဟန်ချက်ညီစွာ နေထိုင်တတ်ရန် နှင့် ထိုင်းဥပဒေများကို လိုက်နာရန် RCSS က တိုက်တွန်းခဲ့သည်။
RCSS ၏ ယခုကဲ့သို့ ပြတ်သားသော တိုက်တွန်းချက်သည် ထိုင်း-မြန်မာနယ်စပ်နှင့် ထိုင်းမြို့ကြီးများတွင် ရှမ်းရွှေ့ပြောင်းလုပ်သားများအကြား တင်းမာမှုများ မြင့်တက်လာနေခြင်းကို မီးမောင်းထိုးပြနေသည်။
ထိုင်းနိုင်ငံမြောက်ပိုင်း၊ အထူးသဖြင့် ချင်းမိုင်မြို့တွင် “Tai Yai Samurai Gang” ကဲ့သို့သော ရှမ်းလူငယ်အဖွဲ့များကြောင့်ဟု စွပ်စွဲခံရသော ခိုက်ရန်ဖြစ်ပွားမှုနှင့် ဓားခုတ်မှုများ ဖြစ်ပွားခဲ့ဖူးပြီး ထိုဖြစ်စဉ်များကြောင့် ရှမ်းရွှေ့ပြောင်းလုပ်သားများအပေါ် ရဲတပ်ဖွဲ့၏ စစ်ဆေးဖမ်းဆီးမှုများနှင့် ဒေသခံများကြား မျိုးနွယ်စုရေးရာ အမုန်းတရားများ မြင့်တက်လာမှု များလည်း ဖြစ်ပေါ်ခဲ့ဖူးသည်။ ထိုဖြစ်ရပ်များကြောင့် ရှမ်းလူမျိုးအားလုံးအပေါ် အမြင်မကောင်းဖြစ်စေပြီး ဒေသခံ ရဲတပ်ဖွဲ့မှလည်း ဥပဒေမဲ့ လုပ်ဆောင်သူများကို နှိမ်နင်းရန်ဟု ဆိုကာ စစ်ဆေးမှုများ ပြုလုပ်ခဲ့ခြင်းများလည်း ရှိခဲ့သည်။
ထို့ကြောင့် စစ်ရေး၊ နိုင်ငံရေးနှင့် စီးပွားရေးအခက်အခဲများကြောင့် ထိုင်းနိုင်ငံအတွင်း ရွှေ့ပြောင်းခိုလှုံအလုပ်လုပ်ကိုင်နေသည့် ရှမ်းလူမျိုးအများစု၏ ဘဝရပ်တည်မှုကို အဆိုပါ ဥပဒေမဲ့လုပ်ရပ်များက ဆိုးရွားစွာ ထိခိုက်စေနိုင်ကြောင်း RCSS က ဆိုထားသည်။
#ထိုင်းရောက်ရှမ်းလူငယ် #ဂိုဏ်းဖွဲ့ခိုက်ရန်ဖြစ်ပွားမှု #RCSS #ThanLwinKhetNews