ထိုင်းနိုင်ငံရောက် မြန်မာရွေ့ပြောင်းအလုပ်သမားများ အလုပ်သမားအခွင့်အရေးအပြည့်အဝ မရရှိဟုအလုပ်သမားအရေး ကူညီသူများက သံလွင်ခက်ကို ပြောသည်။
အလုပ်သမားအခွင့်ရေး ချိုးဖောက်ခံရမှုများကြောင့် အလုပ်သမားရေးကူညီသူအဖွဲ့များထံ အကူညီတောင်းခံမှုများမှာလည်း နေ့တိုင်းနီးပါးရှိသည်ဟု အလုပ်သမားရေး ကူညီသူများကပြောသည်။
ထိုင်းရောက် မြန်မာအလုပ်သမားရေးကူညီသူ AAC အဖွဲ့မှ ကိုရဲမင်းက “အဓိကအတိုင်များတာကတော့ လုပ်ငန်းခွင်တွင်းဖိနှိပ်မှု၊အထောက်ထားကတ်တွေကို သိမ်းဆည်းထားပြီး လုပ်ခလစာအပြည့်ဝမပေးဘဲ အချိန်ပိုဆင်းခိုင်းတာတွေ၊ လုပ်ငန်းခွင်အတွင်း ထိခိုက်မှုဖြစ်ရင် လျော်ကြေးငွေမပေးတာတွေကြောင့်တိုင်ကြားအကူညီတောင်းလာတာတွေပါ“ဟု ပြောသည်။
သက်ဆိုင်ရာနိုင်ငံက တိုင်ကြားရေးနှင့် ဖြေရှင်းပေးရေး ဌာနများကိုမသွားတတ်ကြခြင်းကို အခွင့်ကောင်းယူပြီးအလုပ်ရှင်များက အခွင့်ရေး ချိုးဖောက်နေသလို သတ်မှတ်ထားသည့်အခြေခံလစာကိုလည်းအပြည့်အဝမပေးဟုထိုင်းရောက်အလုပ်သမားရေးကူညီရေးအဖွဲ့(Migrants Monitoring Group MMG )မှ ကိုအောင်မြတ်သူကဆိုသည်။
ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသော အလုပ်သမားတစ်ဦး၏အခြေခံလစာသည်အနည်းဆုံး ၂၈၀ ဘတ်မှအများဆုံး ၃၄၀ဘတ်အထိ သတ်မှတ်ထားပြီး ခရိုင်၊မြို့နယ်အလိုက်ကွာခြားမှုရှိသည်။
ကိုအောင်မြတ်သူက “ထိုင်းမှာ အခြေခံနေ့စားခ တစ်နေ့ကိုအနည်းဆုံးသတ်မှတ်ငွေက ခရိုင်ဒေသလိုက်ကွဲပြားမှုရှိတယ်။အနည်းဆုံး တာ့ခရိုင်မှာ ၂၈၀ ၊ဘန်ကောက်တို့လို မြို့ကြီးတွေမှာဆိုရင်၃၄၀ ဘတ်အထိ သတ်မှတ်ထားတာရှိပါတယ် ။တခြားမြို့နယ်တွေမှာတော့ မြို့နယ်အလိုက် ၂၈၀ ကနေ၃၄၀အကြား ဈေးသတ်မှတ်မှုကွဲပြားပါတယ်။အဲ့ဒီသတ်မှတ်ချက်တွေကိုပဲလျော့ပေးနေကြတာ“ဟု ၎င်းက ပြောသည်။
အဆိုပါမြို့နယ်အလိုက် လုပ်အားခဈေးနှုန်းကို ပေးအပ်ခြင်းမပြုပါက သက်ဆိုင်ရာဌာနကို တိုင်ကြားခွင့်ရှိသည်ဟု ကိုရဲမင်းက ပြောသည်။
“တရားဝင်အလုပ်သမားဖြစ်ပြီးဆိုရင် သတ်မှတ်ထားတဲ့လစာအတိုင်း အပြည့်ဝရရှိရမယ်။အထောက်ထားအခိုင်မာရှိပြီး တရားဝင်အလုပ်သမားဖြစ်လာပြီး လုပ်ခလစာချို့ယွင်းချက်ရှိလာမယ်ဆိုရင် ဘယ်သူမဆို အလုပ်သမားပြဿနာညှိုနှိုင်းဖြေရှင်းပေးရေးရုံးမှာ သွားရောက်တိုင်ကြားလို့ရပါတယ်။“ဟု ၎င်းကပြောသည်။
ထိုသို့တိုင်ကြားရာတွင်လည်း မိမိတို့အလုပ်လုပ်ကိုင်ရာ မြို့နယ်အလိုက် အခြေခံ လစာသတ်မှတ်နှုန်းကိုလည်းသိရှိထားရန်လိုအပ်သည်ဟု ၎င်းကဆက်ပြောသည်။
ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံမှ ရွေ့ပြောင်းလုပ်ကိုင်နေသည့် အလုပ်သမားလေးသန်းခန့်ရှိသည်ဟု ထိုင်းနိုင်ငံအခြေစိုက် သတင်းမီဒီယာများက ဖော်ပြသည်။အဆိုပါ လေးသန်းတွင် အထောက်အထားမရှိသည့် အလုပ်သမားများလည်းပါဝင်သည်။
ပုံစာ–မတ်လ၁၁ရက်နေ့ကမြန်မာလုပ်သား (၈၀၀) ကျော် လုပ်ငန်းခွင်အခွင့်အရေးများရရှိရန် စက်ရုံရှေ့တွင်ဆန္ဒထုတ်ဖော်ခဲ့ကြသည့်မြင်ကွင်း။
Photo-AAC