ကယား(ကရင်နီ) ပြည်နယ်၊ ဒီမော့ဆို မြို့နယ်အတွင်းက စစ်ဘေးရှောင် ကလေးများ အရေပြားရောဂါဖြစ်ပွါးနေသည်ဟု စစ်ဘေးရှောင် ကူညီသူများကပြောသည်။
စစ်ရှောင်ပြည်သူဦးရေများပြားပြီး ရေရှားပါးမှုပြဿနာများနှင့် ကြုံတွေ့နေရသောကြောင့် အရေပြားရောဂါခံစားရခြင်းဖြစ်နိုင်သည်ဟု ကူညီသူများက သုံးသပ်သည်။
ဒီမော့ဆိုအရှေ့ခြမ်း ဒေါတမကြီးအုပ်စုရှိကျေးရွာများမှ ကလေးဆယ်ဂဏန်းခန့် ယင်းသို့ဖြစ်ပွားနေခြင်းဖြစ်သည်။
လတ်တလောတွင် စစ်ဘေးရှောင်စခန်းများတွင် ဆေးဝါးပစ္စည်းလိုအပ်ချက်များကြောင့် အနာများကို မှင်ရည်တို့ထားကာ ဆေးလိမ်းခြင်းနှင့် ဆေးကြောသန့်စင်ခြင်း မပြုလုပ်နိုင်ဟု စစ်ဘေးရှောင်ကူညီသူတစ်ဦးက သံလွင်ခက်ကိုပြောသည်။
“တစ်ချို့ကလေးတွေကအနာဖေးတွေ ကွာပြီး သွေးတွေစိမ့်ထွက်နေတာမျိုးတွေရှိတယ်။ အနာက တစ်ဦးနဲ့ တစ်ဦးနဲ့လည်း ပုံစံမတူဘူး။ တစ်ချို့က အဖုလေးတွေဖြစ်တယ်။ ပြည်တည်တယ်။ တစ်ချို့ကျ အပြုံလိုက်ဖြစ်နေတာ။လက်တွေမှာလည်းဖြစ်တယ်” ဟု၎င်းကပြောသည်။
ကူးစက်မြန်သည့်ရောဂါတစ်မျိုးဖြစ်ပြီး ယားယံပါက မကုတ်ဖဲ့မိစေရန်လိုအပ်ပြီးအရေးပေါ်ကုသနည်း ဆေးမြီးတို့ဖြင့်ကုသခြင်းများမပြုလုပ်ရန် အရေးပြားရောဂါဆရာဝန်တစ်ဦးက သံလွင်ခက်ကို ပြောသည်။
၎င်းက “ဖျားရင်၊ နာရင် ပါရာစီတမော့တိုက်ပါ။ ယားရင် မကုတ်ပါစေနဲ့။ ဘာမီတွန်၊စီထရင်း စတဲ့ ဆေးတစ်ချို့လည်းတိုက်နိုင်ပါတယ်။ neomycinလိုပိုးသတ်ဆေးမျိုးရှိရင်လိမ်းပေးပါ။အရွက်အုံတာ ဆေးမြီးတိုလိမ်းတာမလုပ်မိဖို့တော့လိုပါတယ်။ ရေချိုးပါ။ ပုံမှန် အစားအသောက် လည်းမပြတ်ပါစေနဲ့အရည်များများသောက်ပါ။ အဝတ်ပါးပါးနဲ့ ပွပွလေးတွေကို ရွေးဝတ်ပေးပါ”ဟု အကြံပြုပြောဆိုသည်။
အရေပြားရောဂါခံစားနေရသော ကလေးငယ်များအနေဖြင့် အော့အန်ခြင်း၊ နှာစေးခြင်း စသည့်ရောဂါလက္ခဏာများတွေ့ရပြီးအခြားသူများကိုမကူးစက်စေရန် အမြန်ဆုံး ဆေးကြောကုသဖို့လိုအပ်သည်ဟု ၎င်းကဆက်ပြောသည်။
ကရင်နီပြည်တွင် စစ်ဘေးရှောင်ဦးရေများပြားလာသည့်အပြင် စစ်ကောင်စီက ကုန်စည်သယ်ယူပို့ဆောင်ရန် ကားလမ်းကြောင်းများကို ပိတ်ထားသောကြောင့် ရိက္ခာအခက်အခဲရှိနေပြီး ဆေးဝါး၊ နေရာထိုင်ခင်းနှင့် ရေရှားပါးမှုအခက်အခဲများနှင့်လည်း ကြုံတွေ့နေရသည်ဟု စစ်ဘေးရှောင်ကူညီသူများကဆိုသည်။
မြန်မာနိုင်ငံရှိ ကလေးသူငယ်ဦးရေ သုံးသန်းအပါအဝင် လူဦးရေကိုးသန်းခန့်မှာ ကျန်းမာရေးနှင့် ညီညွတ်သောသောက်သုံးရေရရှိခြင်း မရှိဟု ကုလသမ္မဂ ကလေးသူငယ်ဆိုင်ရာ အရေးပေါ်ရန်ပုံငွေအဖွဲ့အစည်း (UNICEF)ကထုတ်ပြန်ထားသည်။
တိုက်ပွဲများကြောင့် လူဦးရေ ၃ သိန်းကျော်ရှိသည့် ကရင်နီပြည်တွင် သုံးပုံ ၂ပုံကျော်ခန့်သည် စစ်ဘေး ရှောင်နေရသည်။
ပုံစာ– အရေပြားရောဂါဖြစ်ပွါးနေသည့် စစ်ဘေးရှောင်ကလေး။
Photo crd