တနင်္သာရီမြို့နယ်အတွင်းတွင် စစ်တပ် ခလရ-၂၈၀ မှ တပ်သား လေးဦး စက်တင်ဘာ ၃၀ ရက်က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄)၊ တပ်ရင်း(၁၁) ထံသို့ အလင်းဝင် ဘက်ပြောင်းခိုလှုံ လာသည်ဟု KNU-ဗဟို၏ ထုတ်ပြန်ချက်အရ သိရသည်။
ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ မြိတ်ထားဝယ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်း ဘက်ပြောင်းခိုလှုံလာသော ၎င်းတပ်သား လေးဦးသည် စစ်ကော်မရှင်တပ်၏ အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်ခံရကာ ပြည်သူ့စစ်မှုထမ်းသင်တန်းတက်ခဲ့ရသူများဖြစ်သည်ဟု ဖော်ပြထားသည်။
၎င်းတို့ကို သိန်းခွန်းရှိ ရှေ့တန်းဘက်နယ်မြေသို့ ပို့ဆောင်ခံခဲ့ရချိန်တွင် ထွက်ပြေးလွတ်မြောက်လာပြီး လက်နက်မဲ့ဖြင့် KNLA ထံသို့ အလင်းဝင်လာခြင်း ဖြစ်သည်။


အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကော်မရှင်၏ စစ်အင်အားစုဆောင်းမှု ဖိအားပေးမှုများ၊ ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် အတင်းအဓမ္မ စစ်မှုထမ်းရမှုများနှင့် စစ်ကော်မရှင်၏ အကြမ်းဖက်မှုများကို မလိုလားခြင်းတို့ကြောင့် စစ်ကောင်စီတပ်သားများသည် တော်လှန်ရေးတပ်ဖွဲ့များထံသို့ ဘက်ပြောင်းအလင်းဝင်မှုများ ဆက်တိုက်တိုးလာနေသည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အချက်အလက်များအရ စစ်အာဏာသိမ်းပြီးနောက် ၂၀၂၄ ခုနှစ်အစောပိုင်းအထိ စစ်ကောင်စီတပ်ဖွဲ့ဝင် စုစုပေါင်း တစ်သောင်းခန့်သည် စစ်တပ်မှ ထွက်ခွာ၍ အရပ်ဘက်နှင့် တော်လှန်ရေးတပ်ဖွဲ့များထံသို့ အလင်းဝင်ခိုလှုံခဲ့ကြသည်ဟု သိရသည်။ KNLA အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များသည်လည်း ဘက်ပြောင်းခိုလှုံလာသူများကို လက်ခံနေရာချထားပေးလျက်ရှိသည်။
KNU-ကရင်အမျိုးသားအစည်းအရုံးအနေဖြင့် အကြောင်းအမျိုးမျိုးကြောင့် မတရားစစ်မှုထမ်း ခိုင်းစေခံရသည့် အာဏာသိမ်းစစ်တပ်အတွင်းမှ တပ်သားများအနေဖြင့် မိမိတို့နှင့် နီးစပ်ရာ တော်လှန်ရေးတပ်များထံသို့ ရရာနည်းဖြင့် လက်နက်ချ အလင်းဝင် ပူးပေါင်း ကြပါရန်လည်း တိုက်တွန်းထားသည်။
ဓာတ်ပုံ- KNLA ထံသို့ ဘက်ပြောင်းခိုလှုံလာသည့် စစ်မှုထမ်း တပ်သားများ