ကရင်ပြည်နယ်၊ မြ၀တီမြို့၊ ကေအဲန်ယူ တပ်မဟာ (၆) ထိန်းချုပ်နယ်မြေအတွင်းရှိ လေးကေ့ကော်ဒေသ ရေကန်ကုန်းကို စစ်တပ်ဘက်မှ ယမန်နေ့က ပြန်လည် သိမ်းပိုက်ခဲ့သောကြောင့် တော်လှန်ရေးပူးပေါင်းတပ်များ ပြန်လည်ဆုတ်ခွာခဲ့ရသည်ဟု မြေပြင်သတင်းရင်းမြစ်များထံမှ သိရသည်။
လေးကေ့ကော်ဒေသတွင် ယမန်နေ့က စစ်တပ်နှင့် တော်လှန်ရေးတပ်များကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်တပ်ဘက်မှ ပြန်လည်သိမ်းယူနိုင်ခဲ့ခြင်းဖြစ်သည်ဟု မြေပြင်ရဲဘော်တစ်ဦးကပြောသည်။
၎င်းက “ဟုတ်တယ်နော်။ သူတို့ မနေ့က ရသွားတာ။ ကိုယ့်ဘက်က တစ်ယောက်ကျသွားတယ်” ဟု ပြောသည်။
ထို့အပြင် ယမန်နေ့က စစ်တပ်ဘက်မှ ကာမီကာဇေအသေခံဗုံးဖြင့် ထိုးစစ်ဆင်လာသောကြောင့် မင်းလက်ပံစာသင်ကျောင်းလည်း ပျက်စီးခဲ့ရသည်။
လေးကေ့ကော်သို့ ပြီးခဲ့သည့် စက်တင်ဘာ ၂၂ ရက်တွင် စစ်တပ်ဘက်မှ စတင်ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်သည်။
လက်ရှိ ပြန်လည် သိမ်းပိုက်ခဲ့သည့် ရေကန်ကုန်းကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ မတ်လ ၃၁ ရက်တွင် KNLA/PDF ပူးပေါင်းတပ်များက သိမ်းပိုက်နိုင်ခဲ့ကာ ယမန်နေ့ စက်တင်ဘာ ၂၉ ရက်တွင်ပြန်လည်လက်လွှတ်ခဲ့ရခြင်းဖြစ်သည်။
ပုံစာ – လေးကေ့ကော်ဒေသသို့ စစ်ကော်မရှင်တပ်များ ချဉ်းနင်းဝင်ရောက်လာစဉ်