ထိုင်းနိုင်ငံ၏ အထူးစုံစမ်းစစ်ဆေးရေးဌာန (DSI) သည် မူပိုင်ခွင့်ချိုးဖောက်၍ ရုပ်သံအစီအစဉ်များ တရားမဝင်ထုတ်လွှင့်နေသည့် IPTV လုပ်ငန်းတစ်ခုကို ဝင်ရောက်စီးနင်းခဲ့ရာမှ တစ်နှစ်လျှင် ဘတ်ငွေသန်းထောင်ချီ လည်ပတ်နေသော အွန်လိုင်းလောင်းကစားကွန်ရက်နှင့် တိုက်ရိုက်ဆက်စပ်နေမှုကို ဖော်ထုတ်နိုင်ခဲ့သည်ဟု DSI က သတင်းထုတ်ပြန်သည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂၁ ရက်တွင် DSI ဦးဆောင်သော ပူးပေါင်းအဖွဲ့သည် ဘန်ကောက်နှင့် နွန်ထဘူရီခရိုင်ရှိ ပစ်မှတ် ၆ ခုကို ဝင်ရောက်ရှာဖွေခဲ့သည်။
အဓိကစုံစမ်းဖော်ထုတ်လိုသော နွန်ထဘူရီခရိုင်၊ ပါ့ကရက်မြို့နယ်ရှိ ၅ ရိုင် (၂ ဧက ခန့်) ကျယ်ဝန်းသော ဂိုဒေါင်အတွင်းမှ inwiptv အမည်ဖြင့် တရားမဝင် ထုတ်လွှင့်နေသည့် ဆာဗာများနှင့် True Visions ကဲ့သို့သော ရုပ်သံလိုင်းများကို ခိုးယူကြည့်ရှုသည့် ကိရိယာများစွာကို သိမ်းဆည်းရမိခဲ့သည်ဟု သတင်းထုတ်ပြန်ထားသည်။

DSI ၏ စုံစမ်းစစ်ဆေးချက်အရ အဆိုပါ inwiptv သည် ပရီးမီးယားလိဂ် ဘောလုံးပွဲများနှင့် Netflix, MONO ကဲ့သို့သော ရုပ်သံလိုင်းများကို ခိုးယူထုတ်လွှင့်ကာ အဖွဲ့ဝင်တစ်သိန်းကျော်ထံမှ တစ်နှစ်လျှင် ဘတ်ငွေ သန်း ၂၀၀ ကျော် ရရှိနေသည်။
၎င်းအပြင် အဆိုပါ IPTV လုပ်ငန်းသည် တစ်နှစ်လျှင် ဘတ်ငွေ သန်း ၁၀၀၀ အထိ ဝင်ငွေရှိသော အွန်လိုင်းလောင်းကစားကွန်ရက်ကြီးတစ်ခုအတွက် တိုက်ရိုက်ချိတ်ဆက်ဆောင်ရွက်နေခြင်းဖြစ်ပြီး ရုပ်ရှင်နှင့် ဘောလုံးပွဲကြည့်ရှုသူများကို Baccarat, Roulette နှင့် အခြားလောင်းကစားဝက်ဘ်ဆိုက်များသို့ ဝင်ရောက်ကစားရန် ကြော်ငြာနဖူးစည်းများဖြင့် တိုက်ရိုက်ဆွဲဆောင်ခဲ့သည်ဟု ဖော်ပြထားသည်။



DSI ၏ သုံးသပ်မှုတွင် မူပိုင်ခွင့်ချိုးဖောက်မှုသည် စီးပွားရေးနစ်နာမှုသာမက၊ ငွေကြေးခဝါချမှုကဲ့သို့သော ကြီးမားသည့် ဆိုက်ဘာရာဇဝတ်မှုများအတွက် အဓိကလမ်းကြောင်းဖြစ်နေသည်ဟု ဆိုသည်။
ယခုကဲ့သို့ ကြီးမားသည့် မူပိုင်ခွင့်ချိုးဖောက်မှုများကြောင့် ထိုင်းနိုင်ငံသည် တိုးတက်မှုများရှိလာသော်လည်း အမေရိကန်ကုန်သွယ်ရေးကိုယ်စားလှယ်ရုံး (USTR) ၏ “စောင့်ကြည့်ရမည့်နိုင်ငံများစာရင်း (Watch List)” တွင် ၈ နှစ်ဆက်တိုက် ပါဝင်နေဆဲဖြစ်ကြောင်း သိရသည်။
Photo – DSI Thailand












