စက်တင်ဘာ ၂၉ ရက် တစ်ရက်တည်းတွင် စစ်တပ်က လေကြောင်းတိုက်ခိုက်ခြင်းကြောင့် မြန်မာနိုင်ငံအနှံ့က အရပ်သားပြည်သူ ၁၄ ဦး သေဆုံးခဲ့ရသည်။
ယမန်နေ့ နေ့လယ် ၂ နာရီခွဲခန့်တွင် စစ်တပ်က ကချင်လွတ်မြောက်ရေးတပ်မတော် KIA ထိန်းချုပ်ထားသည့် ကချင်ပြည်နယ် ဆဒုံးမြို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် မူကြိုကလေးငယ် နှစ်ဦး အပါအဝင် စုစုပေါင်း ရှစ်ဦး သေဆုံးကာ ငါးဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ထို့အပြင် အာရက္ခတပ်တော် AA ထိန်းချုပ်ထားသည့် ပလက်ဝမြို့အား နေ့လယ် ၁၂ နာရီခန့်တွင် စစ်တပ်က ပေါင် ၅၀၀ ဗုံးကြဲချခဲ့ခြင်းကြောင့် အမျိုးသမီး နှစ်ဦးသေဆုံးပြီး အရွယ်မရောက်သေးသူ ကလေးငယ် ၁၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
စက်တင်ဘာ ၂၉ ရက် နံနက် ၁၀ နာရီခန့်တွင် မန္တလေးတိုင်း မြင်းခြံမြို့နယ်အတွင်းက ညောင်ပင်ရွာအား စစ်ကောင်စီက ဒရုန်းဖြင့် ဗုံးကြဲ ချခဲ့ခြင်းကြောင့် ဒေသခံ နှစ်ဦး သေဆုံးခဲ့ရသည်။ ထို့အပြင် စစ်ကိုင်းတိုင်း ရေဦးမြို့နယ် ဖန်းခါးရွာက ဘုန်းကြီးကျောင်းကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ဒေသခံ တစ်ဦး သေဆုံးခဲ့ရသည်ဟု ဒေသခံများထံမှ သိရသည်။
ရခိုင်ပြည်နယ် ရသေ့တောင်မြို့အားလည်း စစ်တပ်ခြေကုပ်စခန်းချထားသည့် စစ်တွေမြို့မှ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် အရပ်သား တစ်ဦး သေဆုံးခဲ့ရသည်။ လက်ရှိတွင် မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် ပြည်တွင်းစစ်ပဋိပက္ခကြောင့် အရပ်သားပြည်သူများ နေ့စဉ် သေဆုံးမှုများ ရှိနေသည်။
လေကြောင်းရန်ကို နေ့စဉ်ကြောက်နေရသည့်အကြောင်းကို ကျောက်တော်မြို့တွင် နေထိုင်သည့် အသက် ၆၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးက “လေယာဉ်က နေ့တိုင်း ဝဲနေတာ။ မဝဲတဲ့ နေ့မရှိဘူး။ ဘယ်မှလည်း မသွားမလာရဲတော့ဘူး။ အိမ်မှာပဲ စိတ်ပူပြီးနေရတာပေါ့” ဟု ပြောသည်။
စစ်ကော်မရှင်တပ်သည့် ၎င်းလက်လွှတ်ဆုံးရှုံးထားရသည့် နယ်မြေများအား ပြန်လည်သိမ်းပိုက်နိုင်ရန် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီး ပစ်ခတ်ခြင်းနှင့် မြေပြင်မှ စစ်ကြောင်းထိုးခြင်းများကို ဆက်တိုက် လုပ်ဆောင်နေသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၂၈ ရက် တစ်ရက်တည်းတွင် စစ်တပ်က အရပ်သားပြည်သူများအား ခြောက်ကြိမ်အထိ လေကြောင်းမှ တိုက်ခိုက်ခဲ့ခြင်းကြောင့် အရပ်သား ၁၁ ဦး သေဆုံးပြီး ရှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဉာဏ်လင်းသစ်သုတေသနအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။