အာဏာသိမ်းစစ်ကော်မရှင်က ပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပူးပေါင်းကာကွယ်ပေးသွားမည်ဖြစ်ကြောင်း ကရင်နယ်ခြားစောင့်တပ် (BGF)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) နှင့် KNU/KNLA-ငြိမ်းချမ်းရေးကောင်စီ (PC) တို့က ယနေ့၊ စက်တင်ဘာလ ၂၉ ရက်တွင် ပူးတွဲသဘောထားထုတ်ပြန် ကြေညာခဲ့သည်။
အဆိုပါ ထုတ်ပြန်ချက်သည် ထိပ်တန်းခေါင်းဆောင်များဖြစ်ကြသော BGF မှ ဗိုလ်မှူးကြီးစောချစ်သူ၊ DKBA မှ ဗိုလ်ချုပ်ကြီးစောစတီးနှင့် PC မှ ဒေါက်တာနော်ကပေါ်ထူးတို့ ဦးဆောင်၍ စက်တင်ဘာ ၂၈ ရက် တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်။

၎င်းတို့၏ ပူးတွဲထုတ်ပြန်ချက်တွင် စစ်ကော်မရှင်ကကျင်းပမည့် ရွေးကောက်ပွဲမှတစ်ဆင့် ရွေးကောက်ခံအစိုးရတစ်ရပ် ပေါ်ထွန်းလာခြင်းသည် လက်ရှိနိုင်ငံ၏ ပဋိပက္ခကို ဖြေရှင်းနိုင်ပြီး ကရင်ပြည်နယ်အပါအဝင် တစ်နိုင်ငံလုံး၏ တည်ငြိမ်အေးချမ်းရေးကို ဖန်တီးပေးနိုင်မည်ဟု ယုံကြည်ကြောင်း ဖော်ပြထားသည်။

သို့သော် ဤရပ်တည်ချက်သည် ၎င်းတို့၏ မိခင်အဖွဲ့အစည်းဖြစ်ခဲ့သော ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ သဘောထားနှင့် ဆန့်ကျင်နေသည်။
KNU က စစ်ကော်မရှင်၏ ရွေးကောက်ပွဲသည် စစ်အာဏာရှင်စနစ်ကို တရားဝင်ဖြစ်စေရန်နှင့် သက်ဆိုးရှည်စေရန် အထောက်အကူပြုမည့် “လူနှင့်ပါတီရွေးပွဲ” သာဖြစ်သောကြောင့် ကရင်တစ်မျိုးသားလုံးအနေဖြင့် အကြမ်းမဖက်နည်းလမ်းဖြင့် ဆန့်ကျင်ကြရန် တရားဝင်သဘောထား ထုတ်ပြန်ထားသည်။