ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်FIFA နိုင်ငံတကာ ခြေစမ်းပွဲအဖြစ် အိန္ဒိယ၊ ကာဂျစ္စတန် တို့နှင့်ကစားမည့် မြန်မာ့လက်ရွေးစင်အသင်း၏ ကစားသမား ၂၄ ဦးစာရင်းကို ယနေ့တွင် MFFက ထုတ်ပြန်ကြေညာခဲ့ရာ အောင်သူပါဝင်လာခဲ့သည်။
မြန်မာ့လက်ရွေးစင်အသင်း၏ နာမည်ကြီးတိုက်စစ်ကစားသမားအောင်သူသည် လက်ရှိအာဏာသိမ်းကာလအတွင်း၌ နိုင်ငံလက်ရွေးစင်အသင်းတွင်ပါဝင်ကစားခဲ့ခြင်းမရှိခဲ့ဘဲ ယခုမှအသင်းလူစာရင်းတွင်ပါဝင်လာခြင်းဖြစ်သည်။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် MFFသည် လက်ရှိအာဏာသိမ်းကာလအတွင်း၌ ကမ္ဘာ့ဖလားခြေစစ်ပွဲ၊ အာရှဖလားခြေစစ်ပွဲနှင့် အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲတို့တွင် လက်ရွေးစင်အသင်းကို စေလွှတ်၍တောက်လျှောက်ယှဥ်ပြိုင်စေခဲ့သည်။
” အသင်းခေါင်းဆောင်မောင်မောင်လွင်နဲ့တစ်သင်းတည်းဖြစ်သွားတဲ့အချိန် ပြန်ကစားတယ်ဆိုတော့ စဥ်းစားစရာအများကြီးပဲ ။ ကန်ခြင်းမကန်ခြင်းက သူ့ရွေးချယ်မှုပဲ ။ တိုင်းပြည်ဘာဖြစ်ဖြစ်ငါတို့နဲ့မဆိုင်ဘူးဆိုတဲ့ လူတန်းစားတရပ်ကြီးထွားလာခြင်းဟာ တောင့်ခံထားတဲ့သူတွေကို အနည်းနဲ့အများပြိုလဲသွားစေတယ် “ဟု ဘောလုံးဝါသနာရှင်တစ်ဦးက ပြောသည်။
အာဏာသိမ်းကာလအတွင်း၌ မြန်မာ့လက်ရွေးစင် အောင်သူအပါအဝင် နာမည်ကြီးကစားသမားတချို့က နိုင်ငံကိုယ်စားပြုအဖြစ် ပါဝင်မစားခဲ့ကြပေ။ ထိုကစားသမားများအနက် နာမည်ကြီးတိုက်စစ်မှူး ကျော်ကိုကိုသည် လက်ရှိဘောလုံးရာသီ၌ ရှမ်းယူနိုက်တက်အသင်းနှင့်စာချုပ် ချုပ်ဆိုပြီးမှ စာရွက်စာတန်း မပြည့်စုံဟုဆိုကာ ကစားခွင့်မရရှိခဲ့ပေ။
” အောင်သူပြန်ပါလာတယ် ။ နောက်ကွယ်မှာ အကြောင်းတရားတွေ အများကြီးရှိမယ်ထင်တယ်။ ကျွန်တော့်အမြင်ပြောရရင်ကျော်ကိုကို သတင်းနဲ့ဆက်စပ်မှုတွေပဲလို့မြင်တယ် ။ ကျော်ကိုကိုသတင်းက အားလုံးသိကြတဲ့အတိုင်းပဲစာရွက်စာတမ်းမပြည့်စုံလို့ ကစားလို့မရဘူး ။ ကျော်ကိုကို ရှမ်းကိုရောက်ပြီး
တစ်လကျော်မှ စာရွက်စာတမ်းမပြည့်စုံလို့ ဆိုပြီး ကန်ခွင့်မရဘူး “ဟု ဝါရင့်အားကစားကလောင်ရှင်တစ်ဦးကပြောသည်။
လက်ရှိတွင် အောင်သူသည် ထိုင်းကလပ် Lamphun Warriors FC အသင်းတွင် မြန်မာ့လက်ရွေးစင်အသင်းခေါင်းဆောင် မောင်မောင်လွင်နှင့်အတူ ကစားနေသည်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်လိုက်သည့်စကားသမားစားရင်းတွင် ပါဝင်လာမှုနှင့်ပတ်သက်၍ အောင်သူအနေဖြင့် ဖိအားများရှိနေနိုင်သည်ဟု ပြောဆိုဝေဖန်နေကြသည်။
ထိုကိစ္စနှင့်ပတ်သက်၍ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းထံ သံလွင်ခက်ကဆက်သွယ်ရေးမြန်းထားသော်လည်း လက်တလောတွင် ပြန်လည်ဖြေကြားခြင်းမရှိသေးပေ။
မြန်မာ့လက်ရွေးစင် အသင်းသည် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် သက်မှတ်ရက် (ဖီဖာ ခြေစမ်းပွဲနေ့)အတွင်း အိန္ဒိယဘောလုံးအဖွဲ့ချုပ် ဖိတ်ကြားချက်အရ Hero Tri-Nation Friendly Tournament ခြေစမ်းပွဲများအား သွားရောက်ကစားမည်ဖြစ်သည်။ အဆိုပါ ခြေစမ်းပွဲ ပထမ ပွဲအဖြစ် အိန္ဒိယ လက်ရွေးစင် အသင်းနှင့် မတ်လ ၂၂ ရက်တွင်လည်းကောင်း၊ ကာဂျစ္စတန် အသင်းနှင့် မတ်လ ၂၅ ရက်နေ့တွင်လည်းကောင်း အိန္ဒိယနိုင်ငံ အင်ဖာမြို့ KHUMAN LAMPAK STADIUM တွင်ယှဉ်ပြိုင် ကစားရမည် ဖြစ်သည်။
အိန္ဒိယ ဖိတ်ခေါ်ပြိုင်ပွဲဝင် မြန်မာ့လက်ရွေးစင် ကစားသမား (၂၄)ဦး စာရင်းတွင်
ဂိုး – ကျော်ဇင်ဖြိုး (ရှမ်းယူနိုက်တက်)၊ ဆန်းဆက်နိုင် (ရန်ကုန် ယူနိုက်တက်)၊ ပြည့်ဖြိုးသူ (ရတနာပုံ အက်ဖ်စီ)။
နောက်တန်း –ဟိန်းဖြိုးဝင်း (Ratchaburi FC)၊ နန္ဒကျော်၊ ဟိန်းသီဟဇော်၊ ရဲမင်းသူ၊ ဇွဲခန့်မင်း (ရှမ်းယူနိုက်တက်)၊သက်ဟိန်းစိုး (ရတနာပုံ အက်ဖ်စီ)၊ ဟိန်းဇေယျာလင်း (ရန်ကုန် ယူနိုက်တက်)၊ သီဟထက်အောင် (ရခိုင်ယူနိုက်တက်)။
အလယ်တန်း – ဝေလင်းအောင် (ဒဂုံစတား ယူနိုက်တက်)၊ ရန်နိုင်ဦး ၊ ဇော်ဝင်းသိန်း (ရန်ကုန်ယူနိုက်တက်)၊ ကျော်မင်းဦး (PDRM FC)၊ လင်းထက်စိုး (ရှမ်းယူနိုက်တက်)၊ လွင်မိုးအောင် (Rayong FC)၊ မောင်မောင်လွင် (Lamphun Warriors FC)၊ ဟိန်းထက်အောင် (Selangor FC)၊ ငြိမ်းချမ်းအောင် (Muang Trang United)။
ရှေ့တန်း – ဝင်းနိုင်ထွန်း (ရန်ကုန်ယူနိုက်တက်)၊ အောင်ကောင်းမာန် (Customs United)၊ သန်းပိုင် (Kanchanaburi FC)၊ အောင်သူ (Lamphun Warriors FC) တို့ပါဝင်နေသည်။