မောင်တောမြို့နယ် အထက်အင်းချောင်းရွာနှင့် မီတာ ၇၀၀ ဝန်းကျင်ခန့်အကွာတွင် အရည်ပျော်ကာ အရိုးစုဖြစ်နေသည့် ရုပ်အလောင်း ၆ လောင်းအား ရှာဖွေတွေ့ရှိခဲ့သည်ဟု အာရက္ခတပ်တော် AA မှ အောက်တိုဘာ ၁ ရက်တွင် ထုတ်ပြန်သည်။
စက်တင်ဘာ ၂၈ ရက်က AA တပ်ဖွဲ့ဝင်များ လုံခြုံရေးယူနေစဉ် အထက်အင်းချောင်းကျေးရွာအနီးက ငှက်ပျောတောတစ်ခုထဲတွင် အရည်ပျော်နေသော အရိုးစုများကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
စက်တင်ဘာလအတွင်းက အရပ်သားများမှ AA အရပ်ဘက်အုပ်ချုပ်ရေးများထံသို့ မောင်တောဒေသခံ ၁၀ ဦးပျောက်ဆုံးကြောင်း တိုင်တန်းမှုများ ရှိခဲ့သည်ဟု ဆိုသည်။
ထိုကြောင့် အဆိုပါ ရုပ်အလောင်းအား ပျောက်ဆုံးသူများ၏ ရုပ်အလောင်း ဟုတ်၊ မဟုတ်ကို မှုခင်းဆေးဝန်ထမ်းများနှင့် စစ်ဆေးလျက်ရှိသည်ဟု AA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လတ်တလောတွင် ARSA အဖွဲ့ဝင်များ၏ သတ်ဖြတ်ခြင်းကို ခံရသည့် မောင်တောနယ်စပ် တမန်းသားရွာနှင့် ဒုံးညိုရွာမှ ပျောက်ဆုံးနေသည့် ရွာသားများထဲမှ ၆ ဦး၏ ရုပ်အလောင်များ ဖြစ်နိုင်သည်ဟု AA က ခန့်မှန်းထားသည်။
စက်တင်ဘာလအတွင်း ARSA အဖွဲ့သည် မောင်တောမြို့နယ် မြောက်ပိုင်း နယ်စပ်မှတ်တိုင် ၅၆ နှင့် ၅၇ ကြား ပွိုင့် ၆၀၁ ကုန်းအနီးရှိ AA နယ်စပ်လုံခြုံရေးတပ်စခန်းများနှင့် ဒုံးညိုရွာအနီးရှိ ဒုံးညိုစခန်းအား သိမ်းပိုက်နိုင်ရန် ဘင်္ဂလားဒေ့ရှ့်နိုင်ငံအတွင်းမှ နည်းမျိုးစုံဖြင့် ဝင်ရောက်နေသည်ဟု သိရသည်။
ထိုသို့ လုံခြုံရေးစခန်းများအား သိမ်းပိုက်ရန် ကြိုးစားနေစဉ် အဆိုပါ စခန်းနှစ်ခုရှိသည့် လမ်းတလျှောက် မူဆလင် မဟုတ်သည့် အရပ်သားပြည်သူများအား ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခြင်းများရှိသည်ဟု AA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လတ်တလောတွင် AA တပ်ဖွဲ့ဝင်များသည် ARSA အဖွဲ့ဝင်များအား နယ်စပ်ရေးရာ သံတမန်ရေးအရ နယ်မြေဖြတ်ကျော် ရှင်းလင်းရန် ခက်ခဲသော်လည်း ဒေသတွင်း နေထိုင်သူများအား ARSA အဖွဲ့ဝင်များ၏ သတ်ဖြတ်ခြင်းမှ ကင်းဝေးရန် ဆောင်ရွက်လျက်ရှိသည်ဟု ဆိုသည်။
ထိုကြောင့် ဒေသခံများအနေဖြင့် တောတောင်များနှင့် လူပြတ်သည့် နေရာများသို့ တစ်ဦးတည်း၊ လူနည်းစုဖြင့် သွားလာခြင်းအား ရှောင်ရှားရန်နှင့် မဖြစ်မနေသွားလာရန် အရေးကြီး ကိစ္စပေါ်ပေါက်လာပါက AA ၏ အုပ်ချုပ်ရေးနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ သတင်းပို့ပြီးမှသာ သွားလာရန် သတိပေးထားသည်။
#မောင်တော #အထက်အင်းချောင်းရွာ #ရုပ်အလောင်းများတွေ့ရှိ #ThanLwinKhetNews