ခင်သရဖီဦး
စစ်တွေမြို့တွင် အခြေချထားသည့် စစ်ကော်မရှင်၏ တပ်ရင်းများမှ ရသေ့တောင်မြို့နယ်ကို လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သည့်အတွက် ဒေသခံ တစ်ဦးသေဆုံးပြီး နှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိသွားသည်ဟု ဒေသခံများထံမှ သိရသည်။
ယမန်နေ့ စက်တင်ဘာလ ၂၉ ရက် မွန်းတည့် ၁၁ နာရီခန့်တွင် စစ်တွေမြို့ရှိ စစ်ကော်မရှင်၏ ပါဒလိတ်တပ်ရင်းမှ ရသေ့တောင်မြို့နယ်၊ မိုးစဲကျွန်းဘက်သို့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သည့်အတွက် ဒေသခံ စစ်ဘေးရှောင်များ ထိခိုက်သေဆုံးခဲ့ရခြင်းဖြစ်သည်။
အသက် ၂၇ နှစ် အရွယ် အမျိုးသားတစ်ဦးက ”အကြမ်းဖက်စစ်ကောင်စီက ပစ်ခတ်လို့ ကျေးရွာအတွင်းမှာ စစ်ဘေးရှောင်နေကြတဲ့ ဒေသခံတွေ ထိသွားတာပါ။ လက်နက်ကြီး တစ်လုံး ကျပြီး ပေါက်ကွဲသွားတာပါ။ အမျိုးသားတစ်ဦး သေသွားတယ်။ နှစ်ဦးက လက်နက်ကြီးကျ ထိသွားပါတယ်” ဟု ပြောသည်။
စက်တင်ဘာ ၂၉ တစ်ရက်လုံးတွင် စစ်ကော်မရှင်တပ်က ရသေ့တောင်နှင့် ပုဏ္ဏားကျွန်းမြို့နယ်တို့အား လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ခတ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။
စစ်ကော်မရှင်၏ စစ်တွေအခြေစိုက်တပ်ရင်းများနှင့် ရေတပ်များက ထိုသို့ ပစ်ခတ်နေသည့်အတွက်လည်း ဒေသခံများ ဘေးလွတ်ရာသို့ စစ်ဘေးရှောင်နေကြရသည်ဟု သိရသည်။
အသက် ၃၀ အရွယ် ပုဏ္ဏားကျွန်းဒေသခံ အမျိုးသမီးတစ်ဦးက ”လက်နက်ကြီးတွေက နေ့တိုင်းဆိုသလို ရမ်းပြီး ပစ်နေတာ။ ကျမတို့မှာ အိမ်မှာ ကျန်ခဲ့တဲ့ ပစ္စည်းတွေကိုလည်း ပျောက်ဖို့ ကြောက်ရတယ်။ အသက်အန္တရာယ်ကိုလည်း စိုးရိမ်ရတယ်။ အခုလည်း နေဗီ (ရေတပ်) က နေ့တိုင်း ပစ်နေလို့ ဘေးလွတ်ရာမှာ နေနေကြရတယ်” ဟု ဆိုသည်။
စစ်ကော်မရှင်တပ်အနေဖြင့် ရခိုင်တွင် စက်တင်ဘာလ အလယ်ပိုင်းလောက်မှစတင်ကာ နေ့စဉ်နီးပါး လေကြောင်းမှလည်းကောင်း ရေတပ်မှလည်းကောင်း အာရက္ခတပ်တော် ထိန်းချုပ်ရာနေရာများကို ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်နေသည်။
#ရသေ့တောင် #လက်နက်ကြီးကျ #ThanLwinKhetNews