ဖေဖော်ဝါရီ ၁ရက်မှ မတ် ၁၄ ရက်အထိ စစ်ကောင်စီလက်အောက်ခံရွေးကောက်ပွဲကော်မရှင်သို့ လာရောက်လျှောက်ထားသည့် ပါတီ ၂၃ ပါတီရှိလာပြီဖြစ်သည်ဟု သိရသည်။
မတ်လ၁၄ရက်အထိ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၃ အရ လျှောက်ထားသောပါတီ ၆ပါတီရှိပြီးနိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၂၅ အရ လျှောက်ထားသောပါတီ ၁၇ ပါတီရှိသည့်အတွက် လာရောက် လျှောက်ထားသည့် နိုင်ငံရေးပါတီ စုစုပေါင်း ၂၁ ပါတီရှိပြီဖြစ်သည်ဟု ရွေးကောက်ပွဲကော်မရှင်က သတင်းထုတ်ပြန်ထားသည်။
ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမည့်ပါတီ ငါးခုနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုအတွင်းစည်းရုံးမည့်ပါတီ ၁၈ခုရှိသည်ဟု သိရသည်။
ပြည်ထောင်စုဒီမိုကရေစီပါတီ (Union Democracy Party)၊ ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီ၊ ရှမ်းနှင့် တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ၊ ဝံသာနုပါတီ၊ ဒီမိုကရက်တစ်အင်အားစုလေဘာပါတီနှင့် ဒီမိုကရက်တစ်ပါတီ များသည်နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၃ အရ ပါတီထောင်လိုကြောင်း လာရောက်လျှောက်ထားကြသည်ဟုသိရသည်။
နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၂၅ အရ လျှောက်ထားသော နိုင်ငံရေးပါတီ ၁၅ ပါတီမှာပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ မြန်မာပြည်သူ့ဒီမိုကရက်တစ်ပါတီ(MPD)၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)၊ ပြည်သူ့အကျိုးပြု ကျောင်းသားများပါတီ၊ ဒီမိုကရေစီပါတီသစ်(ကချင်)၊ အမျိုးသားဒီမိုကရေစီပါတီသစ်၊ ဖလုံ–စဝေါ် ဒီမိုကရက်တစ်ပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ ရခိုင့်ဦးဆောင်ပါတီ (AFP)၊ ပြည်သူ့အင်အားပါတီ၊ ကချင်ပြည်နယ် ပြည်သူ့ပါတီ (KSPP)၊ လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ)၊ တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ရှမ်းနီ(တိုင်းလျန်) သွေးစည်းညီညွတ်ရေးပါတီ(SSP)၊ လူထုပါတီ (The Party for People)၊ ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ(UNDP) တို့ဖြစ်သည်ဟု သိရသည်။
စစ်ကောင်စီ၏ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေတွင် ရက်ပေါင်း၆၀အတွင်း နိုင်ငံရေးပါတီများအနေဖြင့်မှတ်ပုံပြန်တင်ရမည်ဖြစ်ပြီး မတင်သည့်ပါတီများသည် ဖျက်သိမ်းခံရမည်ဟု ပါရှိထားသည်။