ကျဆုံးသွားသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်PDF များရေးထားသည့် ကဗျာများပါဝင်သည့် နွေဦးပန်းစာစောင် ထုတ်ကာရောင်းချမည်ဟု ထုတ်ဝေရေးဆောင်ရွက်နေသူများထံမှ သိရသည်။
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလက ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ( ၁ ) အတွင်းစစ်သင်တန်းကာလတွင် PDFရဲဘော်များက အမှတ်တရ ရေးခဲ့ကြခြင်းဖြစ်သည်။
“PDF စစ်သင်တန်းကျောင်း၊ သင်တန်းသား ၁၁၁ယောက်နဲ့ သင်တန်း လုပ်ဖြစ်တယ်ဗျ။သင်တန်းကာလတုန်း သူတို့ ရေးခဲ့ကြတဲ့အမှတ်တရစာတွေကို နွေဦးပန်းစာစောင်အဖြစ်ထုတ်ဝေလိုက်တာပါ။
ဝမ်းနည်းစရာက ဒီစာအုပ်ထဲမှာ ပါဝင်ရေးသားခဲ့ကြတဲ့ ရဲဘော်တချို့တိုက်ပွဲမှာ ကျဆုံးသွားကြပြီ ” ဟု စာအုပ်ထုတ်ဝေးရေး ဦးဆောင်သူက သံလွင်ခက်ကို ပြောသည်။
နွေဦးပန်းသည် စာမူကဗျာတစ်ပုဒ်အဖြစ်ပါဝင်ပြီး အဆိုပါအမည်ကို စာစောင်အမည်ပေးထားခြင်းဖြစ်သည်ဟု ၎င်းကဆက်ပြောသည်။
အဆိုပါစာစောင်မှ ရရှိလာသည့် အကျိုးအမြတ်များကို စစ်ပွဲများအကြား ထွက်ပြေးတိမ်းရှောင်နေရသည့် ပြည်သူများကို ပြန်လည်မျှဝေကူညီသွားမည်ဟု စာစောင်ထုတ်ဝေးရေး ဦးဆောင်သူ လားဗွယ်ကပြောသည်။
” တော်လှန်ရေးမှာပါဝင်တိုက်ပွဲဝင်နေတဲ့ ရဲဘော်တိုင်းရဲ့တာဝန်က ပြည်သူလူထု ရင်ဆိုင်ကျော်ဖြတ်နေရတဲ့ ခေတ်စနစ်ဒဏ်ကို တစ်ထောင့်တစ်နေရာကနေ ကူညီနိုင်ဖို့ပါ ဒါ့ကြောင့် စစ်အနိဌာရုံ ရင်ဆိုင်နေရတဲ့ တိုင်းရင်းသားပြည်သူတွေကူညီနိုင်ဖို့တွက် စာစောင်ကိုထုတ်ဝေရခြင်း ဖြစ်ပါတယ်”ဟု ၎င်းကဆိုသည်။
နွေဦးပန်းစာစောင်တွင် ကဗျာ၊ကဗျာရှည်၊ဆောင်းပါးနှင့် ဝတ္ထုတို ၃၀ ကျော်ကို ကလောင်ရှင် ၂၀ ကျော်ကပါဝင်ရေးသားထားသည်။
နွေဦးပန်းစာစောင်ကို ၂၀၂၃ ခုနှစ် မတ်လ ဒုတိယအပတ်တွင် စတင်မိတ်ဆက်ထားပြီး ကိုရီးယား၊ဂျပန်၊ထိုင်း၊မလေးရှားနှင့် ဩစတြေးလျ နိုင်ငံတို့တွင်လည်း အရောင်းကိုယ်စားလှယ်များထံမှ တစ်ဆင့်ပြန်လည်ဝယ်ယူ နိုင်သည်ဟု မဟာချိုစာပေက ထုတ်ပြန်ထားသည်။