စစ်ကိုင်းတိုင်းဒေသကြီး မြောင်မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် စစ်ရှောင်အဘိုးအိုတစ်ဦး သေဆုံးခဲ့သည်ဟု ဒေသခံများကပြောသည်။
ယမန်နေ့က မြောင်မြို့နယ် မင်းတန်းကျေးရွာတွင် စစ်ကောင်စီစစ်ကြောင်းနှင့် ထိပ်တိုက် တွေ့၍ အပစ်ခံခဲ့ရခြင်းဖြစ်သည်ဟု ဆိုသည်။
မင်းတန်းရွာမှ နဂါးပေါက်ရွာသို့ စစ်ဘေးရှောင်ရန်သွားနေစဉ် အသက် ၇၀ အရွယ်ရှိ မင်းတန်းရွာသား ဦးသန့်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပစ်ခဲ့ခြင်းဖြစ်သည်ဟု မြောင်မြို့နယ်အခြေစိုက် Myaung Union Army (MUA) အဖွဲ့ခေါင်းဆောင် ကိုတိုက်ဂါးက သံလွင်ခက်ကိုပြောသည်။
“စစ်ရှောင်ရင်းနဲ့ တောင်သူဆိုတော့ လွယ်အိတ်ထဲမှာ ကွမ်းဘူးပါတယ်။ လေးခွပါတယ်။ သူ့မိန်းမလည်းပါတယ်။သူ့ကိုပဲ လေးခွပါလို့ဆိုပြီး ပစ်သွားတာ။ သူ့မိန်းမကိုတော့ ပြန်လွှတ်လိုက်တယ်” ဟု ၄င်းကပြောသည်။
မတ်လ ၁၄ ရက်နေ့က နေပူကုန်းရွာနှင့် နဂါးပေါက်ကျေးရွာကြားတွင် ဒေသခံကာကွယ်ရေးတပ်များက စစ်ကောင်စီတပ်ဖွဲ့ဝင်များကို မိုင်းခွဲမှုနှင့်အတူ ပြောက်ကျားနည်းဖြင့် ထိုးစစ်ဆင်ခဲ့သည်ဟု ကာကွယ်ရေးတပ်ဖွဲ့များကထုတ်ပြန်ထားသည်။