ပထမအကြိမ် ကျေးရွာအတွင်းစစ်ကြောင်းလာရောက်ချိန်တွင် “အေးအေးချမ်းချမ်းပဲနေကြ ဘာမှမလုပ်ဘူး “စသည့် စစ်ကောင်စီတပ်၏ စည်းရုံးမှုကို ယုံစားမိ၍ ယခုအကြိမ်စစ်ကြောင်းလာချိန်၌ ကြိုတင်ထုပ်ပိုးရှောင်တိမ်းမှုများမပြုလုပ်ခဲ့သောကြောင့် နေအိမ်နှင့်ပိုင်ဆိုင်သမျှ ပစ္စည်းများ ပြာပုံအတိဖြစ်သွားရသည်ဟု ကျောက်မှော်ရွာဒေသခံတစ်ဦးက ပြောသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင် ၊ ထီးချိုင့်မြို့နယ်အတွင်းရှိ ကျောက်မှော်ရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ၃၀၀ ကျော်အထိမီးလောင်ပြာကျခဲ့ရသည်။
အင်အား ၈၀ ဦးဝန်းကျင်ရှိစစ်ကောင်စီတပ်သည် ပြီးခဲ့သည့်နှစ်ရက် မတ်လ၈ရက်တွင် ကျောက်မှော်ရွာထိပ်ကိုရောက်ပြီး စခန်းကျညအိပ်ပြီးနောက်နေ့မှ ကျေးရွာအတွင်းဝင်ရောက် မီးရှို့ခြင်းဖြစ်သော်လည်း ကြိုတင်ရှောင်ရှားမှုများ မပြုလုပ်ခဲ့သောကြောင့် စပါးရောင်းထားသည့် ပိုက်ဆံများပင် အထုပ်လိုက်မီးထဲပါသွားသူများရှိခဲ့သည်။
” သူတို့ကကျွန်တော်တို့ရွာစာသင်ကျောင်းထဲကို အခုနှစ် တစ်လပိုင်းလောက်က တစ်ခေါက်ရောက်သေးတယ်။ အဲတုန်းက ဘာမှမလုပ်ဘူးဗျ။ ဒီအတိုင်းပဲ အေးအေးချမ်းချမ်းနေကြ ဘာမှမလုပ်ဘူး။ အဲလိုစည်းရုံးတာပေါ့ဗျာ ။ အဲလိုစည်းရုံးပြီးပြန်သွားပြီနောက် ထီးချိုင့်ဘက်ကနေ ကျွန်တော်တို့ရွာအထက်ဘက်ကို စစ်ကြောင်းတွေ ခဏခရဏထပ်လာတယ်။
ကျွန်တော်တို့ရွာနောက်ကတောင်ရိုးမှာ ညအိပ်တယ်။ အခုအခေါက်လည်း ရွာထိပ်မှာ ညအိပ်တာသိကြတယ်။ ခါတိုင်းလိုပဲထင်ပြီး ရွာသားတွေက ပေါ့ဆကြတာ “ဟု စစ်ကြောင်းရောက်ရှိနေသော်လည်း ကြိုတင်ရှောင်ရှားမှု မပြုလုပ်ခဲ့သည့်အခြေအနေကို ကျောက်မှော်ရွာသားတစ်ဦးက ပြောသည်။
ယခင်က စစ်ကြောင်းလာလျှင်ကြိုတင်ထုပ်ပိုး၍ ရှောင်ရှား မှုများပြုလုပ်ခဲ့သော ကျောက်မှော်ရွာဒေသခံများသည်အကြိမ်ကြိမ်ထွက်ပြေးခဲ့ရမှုတွင် ကျေးရွာအတွင်းကို တစ်ကြိမ်မျှ စစ်ကြောင်းထိုးမခံရသောကြောင့် ယခုအကြိမ်တွင် ပေါ့လျော့နေခဲ့ကြသည်။
ထို့ပြင် ဒေသခံကာကွယ်ရေးတပ်ဖွဲ့ ပ.က.ဖ များကိုယ်တိုင်ကပင် ထိုစစ်ကြောင်းသည် အနောက်ကိုပြန်ခေါက်နိုင်ခြေမရှိဘဲ အထက်ဘက်ကိုသာဆက်တက်မည်ဟု ကြိုတင်ခန့်မှန်းထားကြသည်။
သို့သော်လည်း ကျေးရွာပြည်သူများနှင့် ဒေသခံ ပ.က.ဖ များတွက်ဆထားသည့်အတိုင်းဖြစ်မလာခဲ့ဘဲ နောက်နေ့မတ်လ ၉ရက် ၊ နံနက်မိုးလင်းချိန်၌ စစ်ကောင်စီတပ်က သေနတ်များပစ်ခတ်၍ ကျေးရွာအတွင်းကို စီးနင်းဝင်ရောက်ခဲ့သည်။
” ရွာနောက်ကနေ သေနတ်တွေပစ်ဖောက်ပြီးဝင်လာကြပြီးဆိုတော့ တစ်ရွာလုံးကဘာမှကို လုပ်ချိန်မရလိုက်ကြဘူး။ ခါတိုင်းစစ်ကြောင်းလာတယ်လို့ အသံကြားရင် အိပ်ရာလိပ်လေးတင်၊ ယူစရာရှိတာယူပြီး ဆိုင်ကယ်တွေနဲ့ မောင်းပြေးကြတာ။ ကျွန်တော်တို့ရွာက ဧရာဝတီ မြစ်ကမ်းဘေးဆိုတော့ တချို့ကလည်း စက်လှေတွေနဲ့ အလယ်ကကျွန်းပေါ်ကို ပြေးကြတာပေါ့။ ခါတိုင်းအဲလိုပြေးကြတာ ။ အခုဒီတစ်ခါက ပေါ့ဆနေကြတော့ ဘယ်လိုမှကို အချိန်မရလိုက်ဘူး။ ကိုယ်ဝတ်၊ကိုယ်စား၊ ခါးဝတ်၊ခါးစားတွေနဲ့ပဲ ပြေးကြရတာ “ဟု နေအိမ်နှင့်ပိုင်ဆိုင်သမျှပစ္စည်းအားလုံးမီးရှို့ဖျက်ဆီးခံလိုက်ရသည့် ကျောက်မှော်ဒေသခံတစ်ဦးကပြောသည်။
” ကျွန်တော်အိမ်က ဝက်မကြီးဆို မျိုးတွေနဲ့မီးလောင်ပြီးသေတယ်၊၊ ကလေးတွေလည်းအကုန်လုံးလောင်ပြီးတော့မှမီးသွေးခဲဖြစ်နေတော့တာပေါ့။ ကိုယ်လည်းသူတို့ကို လှည့်မကြည့်နိုင်ဘူးဗျာ။ စိတ်ထဲလည်းမကောင်းဘူး တိရိစ္ဆာန်လေးတွေပါသွားတာ။ အခုကတော့ အိမ်မီးလောင်ပုံကြီးပေါ့ဗျာ။ အိမ်ပြန်ဖို့လည်း အိမ်လည်းမရှိတော့ဘူး။ ရွာကလည်း မီးလောင်ပြင်ကြီးဖြစ်သွားပြီဗျာ” ဟု ကျောက်မှော်ရွာအမျိုးသားတစ်ဦးက ဝမ်းနည်းဆို့နစ်သံဖြင့်ပြောဆိုသည်။
အိမ်ခြေ ၄၀၀ ကျော်ရှိသည့် ကျောက်မှော်ရွာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များမီးရှို့ဖျက်ဆီးမှုကြောင့် အိမ်ခြေ ၅၀ကျော်သာကျန်ရှိပြီး ရွာလုံးကျွတ်နီးပါးမီးလောင်ပြာကျခဲ့ရသည်။
ထိုပြင်ကျေးရွာပြည်သူများမှာ ကြိုတင်သယ်ယူရှောင်တိမ်းခြင်းမရှိသောကြောင့် ထွန်းစက်၊ ဆိုင်ကယ်နှင့် တန်ဖိုးကြီးပစ္စည်းများစွာလည်း မီးလောင်ဆုံးရှုံးခဲ့ကြရသည်ဟု ဒေသခံများကပြောသည်။
စပါးအထွက်များသည့် အဆိုပါဒေသတွင် စစ်ကောင်စီတပ်များမီးရှို့ဖျက်ဆီးမည်ကို စိုးရိမ်သောကြောင့် ယခုနှစ်စပါးပေါ်ချိန်၌ ထွက်သမျှစပါးများကိုရောင်းချထားသဖြင့် ကျောက်မှော်ရွာ မီးရှို့ဖျက်ဆီးခံရချိန်တွင် စပါးများမဆုံးရှုံးခဲ့သော်လည်း စစ်ကြောင်းဝင်လာမှ ရုတ်တရက်ထွက်ပြေးကြသောကြောင့် စပါးရောင်ထားသည့် ငွေထုပ်များမီးလောင်ပျက်စီးခဲ့ရသူများပင်ရှိသည်ဟု သိရသည်။
လက်ရှိတွင် ကျောက်မှော်ရွာမီးဘေးသင့်ပြည်သူများသည် ဘုန်ကြီးကျောင်း၊ စာသင်ကျောင်းများ နှင့်နီးစပ်ရာအသိဆွေမျိုးထံတွင် ယာယီခိုလှုံနေကြရသည်ဟုသိရသည်။
ပုံစာ–ထီးချိုင့်မြို့နယ် ကျောက်မှော်ရွာမီးရှို့ဖျက်ဆီးခံရမှု ။