NUG ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံဝက်လက်မြို့နယ် ပကဖနှင့် တပ်ရင်း–၂ တို့မှ ဖမ်းဆီးထားသည့် GZ Special Task Force-Wetlet အဖွဲ့မှရဲဘော်၁၉ဦးကို ဥပဒေအကြောင်းအရ အကာအကွယ်ပေးရန် ဒေသခံပြည်သူများက ဆန္ဒသဘောထားလက်မှတ်များ စုစည်းပြီး အမျိုးသားညီညွတ်ရေးအစိုးရ တရားရေးဝန်ကြီးဌာနထံ တင်ပြထားသည်ဟု သိရသည်။
ပြည်သူများ၏ အကူအညီတောင်းခံမှုကြောင့် ဒေသခံပြည်သူများ၏ ဆန္ဒလက်မှတ်များ ၅၀၀ကို စုစည်းပြီး NUG တရားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဦးထံ တိုင်ကြားစာများပို့ထားပေးသည်ဟု ရွှေဘိုမြို့နယ်လွတ်လပ်သော ထောက်ပို့ရေးအဖွဲ့တာဝန်ခံ ကိုနေမင်းခန့်က သံလွင်ခက်ကိုပြောသည်။
“လက်မှတ်ကောက်တာတောင် ခိုးကောက်ရတယ် ဘာလို့ဆို ပကဖနဲ ရင်း၂ကို ကြောက်နေရတယ်။ တက်ကြွတဲ့သူတွေကဦးဆောင်ပြီး တနေကုန်ပတ်ကောက်ရတာပါ“ဟု ၎င်းကဆိုသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၁၇ရက်နေ့က ဖြစ်ပွားခဲ့သည့် ဆားတောင်ကြီးကျေးရွာ ပကဖခေါင်းဆောင် သေနတ်ဖြင့်ပစ်ခတ်ခံရမှုနှင့် စပ်လျဉ်းပြီး GZအဖွဲ့ဝင်ရဲဘော် ၁၉ဦးကိုဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်။
အဆိုပါရဲဘော်များအနက်မှ ၁၅ဦးကို အကျယ်ချုပ်ဖြင့်ဖမ်းဆီးထားပြီး ကိုချစ်သဲမောင်၊ ကိုချစ်ဦးမောင်၊ ကိုအီကိုနှင့် ကိုနီတိုးတို့ လေးဦးကို ပုဒ်မ ၃၀၇/၁၁၄ ဖြင့် တရားစွဲဖမ်းဆီးထားခြင်းဖြစ်သည်။
ဝက်လက်ဒေသခံပြည်သူများက တစ်နေရာတည်း၊ တစ်ရွာတည်းကမဟုတ်ဘဲ ရသည့်နေရာ၊ ရသည့်အချိန်အတောအတွင်း တတ်နိုင်သမျှ လက်မှတ်ထိုးပေးကြည့်အတွက် NUG အနေဖြင့် ပြည်သူလူထု၏ ဆန္ဒကို အရေးတယူလုပ်ပေးစေချင်သည်ဟု ဝက်လက် တပ်ရင်း၂နှင့်ပတ်သတ်ပြီး တိုင်ကြားစားပို့ပေးခဲ့ဖူးသည့် Union Defense&Liberation Alliance-UDLAမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
GZ အဖွဲ့ဝင်များကို ပြန်လွှတ်ပေးရန် တောင်းဆိုရာတွင် ဝန်ကြီးဌာနအနေဖြင့် လက်မှတ်ထိုးထားသည့် ပြည်သူများသည် တစ်နေရာထဲမှာမရှိသည့်အတွက် မေးခွန်းထုတ်မှုများရှိသည်ဟု ရွှေဘိုမြို့နယ်လွတ်လပ်သော ထောက်ပို့ရေးအဖွဲ့တာဝန်ခံ ကိုနေမင်းခန့်က ပြောသည်။
“တကယ်လို့ဒီလက်မှတ်တွေကို သံသယရှိရင် NUGကစာထုတ်ပေးလုံခြုံရေးတာဝန်ယူပါတယ်လို့သာ အာမခံချက်စာထုတ်ပေး၊ ထောင်ဂဏန်းရှိတဲ့ ပြည်သူတွေရဲ့ ဆန္ဒပြပွဲကြီးလုပ်ပေးလို့ရတယ်” ဟု ၎င်းကဆိုသည်။
သံလွင်ခက်သတင်းဌာနအနေဖြင့် တရားရေးဝန်ကြီးဌာနထံ စာပို့ဆက်သွယ်မေးမြန်းခဲ့ရာတွင် အဆိုပါဝက်လက်ကိစ္စနှင့်ပတ်သတ်ပြီး တာဝန်ရှိသူများနှင့် ချိတ်ဆက်ပြီးဆောင်ရွက်နေသည်ဟု တာဝန်ရှိသူတစ်ဦးက ပြန်လည်ဖြေကြားသည်။