စစ်ကောင်စီတပ် နှင့် စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်း နိုင်ရေးတို့အတွက် နိုင်ငံရေး၊ စစ်ရေး ကိစ္စရပ်များတွင် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် MNDAA နှင့် အတူတကွ ပူးပေါင်းဆောင်ရွက်တိုက်ပွဲဝင်လိုသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောသည်။
မတ်လ ၁၁ ရက် (MNDAA) တည်ထောင်ခြင်း (၃၄)နှစ်မြောက်နေ့သို့ ပေးပို့သည့် သဝဏ်လွှာတွင် ယခုကဲ့သို့ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။
အဆိုပါ သဝဏ်လွှာတွင် NUG အနေဖြင့် စစ်အာဏာရှ င်စနစ်အပါအဝင် အာဏာရှင်စနစ်မှန်သမျှကို အမြစ်ပြုတ်တိုက်ဖျက်နိုင်ပြီး ဒီမိုကရေစီရေး၊ အမျိုးသား တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများကို အပြည့်အဝ အာမခံနိုင်သော ခိုင်မာသည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို ထူထောင်နိုင်ရန် အစဉ်တစိုက် ကြိုးပမ်းလျက်ရှိသည်ဟု ဖော်ပြထားသည်။
မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် MNDAA သည် ၁၉၈၉ ခုနှစ်က တည်ထောင်ခဲ့သည့် အဖွဲ့အစည်းတစ်ခုလည်းဖြစ်သည်။
မြန်မာအစိုးရနှင့် အပစ်အခတ်ရပ်စဲရေးအတွက် ပထမဆုံး လက်မှတ်ရေးထိုးခဲ့သည့် MNDAA တပ်မတော်သည်၂၀၀၉ ခုနှစ်တွင် စစ်ကောင်စီတပ်ကနယ်ခြားစောင့်တပ် အသွင်ပြောင်းရန် ဖိအားပေးခဲ့သည်ကို လက်မခံခဲ့သည့်အတွက် ဒေသအတွင်း၌ တိုက်ပွဲများပြင်းထန်ခဲ့ပြီး ၎င်းတို့၏ ထိန်းချုပ်နယ်မြေကို ဆုံးရှုံးခဲ့သည်။
ထိုသို့ဆုံးရှုံးခဲ့ရသည့် မူလနယ်မြေများ အလုံးစုံပြန်လည်ရရှိရေး၊ MNDAA ၏ စစ်ရေး၊ နိုင်ငံရေး ရည်မှန်းချက်များကို အကောင်ထည်ဖော်နိုင်ရေးများအတွက် ညီနောင် မဟာမိတ်များဖြစ်သည့် ရက္ခိုင့်တပ်တော် (AA) နှင့် တအာင်းအမျိုးသားလွှတ်မြောက်ရေးတပ်မတော် (TNLA) တို့ကလည်း ကိုးကန့်နှင့် အတူ ဆက်လက် ရပ်တည် တိုက်ပွဲဝင်သွားမည်ဟု သဝဏ်လွှာ ပေးပိုခဲ့သည်။
ပုံစာ – MNDAA တပ်ဖွဲ့ဝင်များ
Photo – The Kokang