ထိုင်းနိုင်ငံ၊ ဘန်ကောက်ခရိုင်၊ နယ်မြေပေါင်း ၆၉ တွင်သတ်မှတ် စံချိန်ထက် ကျော်လွန်ကာ မီးခိုးမြူမှုန်များထူထပ်ကာလေထုညစ်ညမ်းမှုဖြစ်ပေါ်နေသည်ဟု ထိုင်းနိုင်ငံလေထုအရည်အသွေး၊ အသံနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးစီမံခန့်ခွဲမှုဌာနက ထုတ်ပြန်ထားသည်။
၂၀၂၃ ခုနှစ် မတ်လ၇ ရက်နေ့နံနက် ၅ နာရီမှ ၇ နာရီအတွင်း PM 2.5 လေထုညစ်ညမ်းမှု တိုင်းထွာချက်အရ ဘန်ကောက်ခရိုင်ခရိုင် ၆၉ နယ်မြေတွင် စံချိန်သတ်မှတ်ထားသည့် ၁ ကုဗမီတာလျှင် ၅၀ မိုက်ခရိုဂရမ်ထက်လွန်ကဲနေသည်ဟု ဆိုသည်။
မဲဆောက်မြို့ကို လေထုညစ်ညမ်းမှုတိုင်းတာရာတွင် WHO ၏ နှစ်စဉ်လေထုအရည်အသွေးတိုင်းတာခြင်းထက်၂၂.၃ ဆမြင့်တက်နေသည် ဟု ထုတ်ပြန်ချက်ကဆိုသည်။
မဲဆောက်မြို့သည် ထိုင်းနိုင်ငံ အနောက်ဘက်ခြမ်းတွင်ရှိပြီး မြန်မာနိုင်ငံ အနောက်ဘက်နှင့် နယ်နိမိတ်ချင်းထိစပ်နေသည်။
လေထုညစ်ညမ်းမှုနှင့်နောက်ဆက်တွဲဖြစ်စဉ်များကြောင့်ချောင်းဆိုးခြင်း၊ လည်ချောင်းယားယံခြင်း၊ အသက်ရှူကြပ်ခြင်းများ ဖြစ်ပေါ်နိုင်သည်ဟု ကျန်းမာရေးပညာရှင်များက ဆိုသည်။
“သက်ကြီးရွယ်အိုတွေ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါအခံရှိသူတွေနဲ့ ကလေးသူငယ်တွေပိုမိုဂရုစိုက်သင့်ပါတယ်“ဟု အထွေထွေရောဂါကုဆရာဝန် ဒေါက်တာယသော်က ကပြောသည်။
စပါးစိုက်ခင်းများနှင့် သစ်တောဧရိယာများကို မီးရှို့ခြင်းကလည်း လေထုညစ်ညမ်းမှုအဆင့်များ အလျင်အမြန်မြင့်တက်လာစေပြီး လေထုညစ်ညမ်းမှုကို အန္တရာယ်ရှိသောအဆင့် ရောက်ရှိလာစေသည်ဟု သဘာဝပတ်ဝန်းကျင်အရေးလှုပ်ရှားသူများက ထောက်ပြသည်။
ထိုင်နိုင်ငံမဲဆောက်မြို့တွင်နေထိုင်သူတစ်ဦးက“ဒီအချိန်က ကြံခင်းတွေမီးရှို့ကြတဲ့အချိန်ဖြစ်တော့ လေထုပိုညစ်ညမ်းတာပေါ့၊ကျွန်မတို့ဆီမှာတော့ နှခေါင်းစည်းတပ်ဖို့ကို အာဏာပိုင်းတွေကသတိပေးထားတယ်“ဟုဆိုသည်။
ကြံခင်းများမီးရှို့မှုသည် သင်္ကြန်မတိုင်ခင် အပြီးသတ်မှာဖြစ်ပြီးယခုကာလအတွင်း အသွားအလာဆင်ခြင်ရန်နှင့်အသက်အရွယ်ကြီးသူများ ပြင်ပသို့သိပ်မထွက်ရန် ပြောဆိုထားသည်ဟု ၎င်းကဆက်ပြောသည်။
လေထုအသိပ်သည်းဆုံး နယ်မြေ ၁၀ ခုကိုတိုင်းတာရာတွင် ဘင်ကုမ်နယ်မြေ ၉၃ မိုက်ခရိုဂရမ် ၊ ပရဝေ့နယ်မြေ ၈၇မိုက်ခရိုဂရမ်၊ မင်ဘူရီ ၈၇ မိုက်ခရိုဂရမ် ၊ လတ်ကဘန် ၈၆ မိုက်ခရိုဂရမ် ၊ ခလောင်းဆမ်ဝါး ၈၅ မိုက်ခရိုဂရမ်၊နောင်ကျောက် ၈၅ မိုက်ခရိုဂရမ် ၊ နောင်ခဲမ် ၈၄ မိုက်ခရိုဂရမ်၊ ဘန်နာယောင်း ၈၂ မိုက်ခရိုဂရမ်၊ ဘန်နား ၈၂ မိုက်ခရိုဂရမ်နဲ့ ယန်နာဝါနယ်မြေ ၈၁ မိုက်ခရိုဂရမ်တို့ဖြစ်သည်ဟု ဆိုသည်။
ထိုင်းနိုင်ငံတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ခရိုင်ပေါင်း ၄၈ ခုတွင် မီးခိုးမှုန်နှင့် လေထုညစ်ညမ်းနေကြပြီး အဆိုးရွားဆုံးမှာ မြောက်ပိုင်းဒေသတွင် ၁ စတုရန်းမီတာလျှင် သိပ်သည်းဆ ၆၁ မှ ၁၃၃ မိုက်ခရိုဂရမ်ထိရှိသည်ဟုထုတ်ပြန်သည်။
ဘန်ကောက်နှင့် အနီးတဝိုက်ဒေသများတွင် မတ်လ ၉ ရက်နေ့ နောက်ပိုင်း တောင်ဘက်အရပ်မှလေ များ တိုက်ခတ်ရန်ရှိသောကြောင့် လေထုညစ်ညမ်းမှု လျော့နည်းသွားနိုင်ပြီး ထိုင်းနိုင်ငံမြောက်ပိုင်း ၂၇ ခရိုင်တွင် မတ်လ ၈ ရက်မှ၁၄ ရက်နေ့အတွင်း မြူမှုန်များပိုမိုသိပ်သည်းလာနိုင်သည်ဟု ဆိုသည်။
အဆိုပါလေထုညစ်ညမ်းမှုဖြစ်စဉ်များကြောင့် ပြည်သူများအနေဖြင့် မလိုအပ်ဘဲ ကွင်းပြင်ထဲမှာမနေရန် ၊ အပြင်ထွက်ရမည်ဆိုပါက PM 2.5 အကာအကွယ်နှာခေါင်းစည်းတပ်ထားရန် လေထုညစ်ညမ်းမှုထိန်းသိမ်းရေးဌာနကသတိပေးထားသည်။
ပုံစာ–မဲဆောက်မြို့တွင် စိုက်ခင်းများမီးရှို့နေသည့်မြင်ကွင်း။
Photo -Smart Air