မြန်မာနိုင်ငံတွင် အမျိုးသမီးဦးရေများပြားလာမှုနှင့်အတူ အမျိုးသားများနည်းတူ အမျိုးသမီးများကိုလည်းတန်းတူရည်တူအခွင့်အရေးပေးနိုင်ရန်လိုအပ်ပြီး၊ အမျိုးသမီးများအခန်းကဏ္ဍကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်ရန်လိုအပ်သည်ဟု မြန်မာအမျိုးသမီးများ သမဂ္ဂအဖွဲ့ချုပ်ကတောင်းဆိုသည်။
ယနေ့ မတ်လ ၈ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ (International Women’s Day) အဖြစ်သတ်မှတ်ထားပြီး ကမ္ဘာတစ်ဝန်း အမျိုးသမီးကဏ္ဍကို ကျယ်ပြန့်စွာဖော်ထုတ်ကြသည်။
မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေး၊စီးပွားရေး ၊လူမှုရေးများအဘက်ဘက်မှကျဆင်းလာမှုသည် အမျိုးသမီးများကြုံတွေ့နေရသောအခက်ခဲများကို ပိုမိုဆိုးရွားလာစေသည်ဟု မြန်မာအမျိုးသမီးများသမဂ္ဂအဖွဲ့ချုပ်တာဝန်ရှိသူက သံလွင်ခက်ကိုပြောသည် ။
“အထူးသဖြင့် လုံခြုံရေးပြဿနာ ၊ဖမ်းဆီးခံရမှုတွေ ၊စီးပွားရေးနဲ့လူမှုရေးမှာလည်း အခက်ခဲတွေရင်ဆိုင်ကြုံတွေ့နေရတယ်။ စီးပွားစနစ်ကျဆင်းမှုကြောင့်လဲ အမျိုးသမီးတွေအခက်ခဲကြုံတွေ့ရကြရတယ်။ အလုပ်အကိုင်အခွင့်လမ်းရှားပါးတာကြောင့် အိမ်နီးချင်းနိုင်ငံတွေမှာ အလုပ်အကိုင်ရှာဖွေရတဲ့အထိဖြစ်လာတယ်။တပြိုင်နက်တည်းထဲမှာပဲ လောင်းကစားရုံတွေအထိပါ အလုပ်လုပ်ရတဲ့ အနေထားမျိုးတွေအထိ ဖြစ်လာတယ်“ဟု ၎င်းက ပြောသည်။
ထို့ပြင် အသက်အန္တရာယ်မလုံခြုံမှုများသာမကစိတ်ပိုင်း၊ရုပ်ပိုင်းနှင့် လိင်ပိုင်းဆိုင်ရာ အခက်ခဲများကိုလည်း နေ့တဓူဝ ရင်ဆိုင်ကြုံတွေ့နေကြရသည် ဟု ၎င်းကဆက်ပြောသည်။
နိုင်ငံတစ်နိုင်ငံတွင် အမျိုးသမီးများ၏ပါဝင်မှု အခန်းကဏ္ဍသည် လွန်စွာအရေးကြီးပြီး အမျိုးသမီးများ၏ ပါဝင်မှု၊စွမ်းဆောင်နိုင်မှုများကိုလည်း အသိမှတ်ပြုပေးရန်လိုအပ်သည်ဟု မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂကောင်စီဝင်တစ်ဦးကပြောသည်။
“အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ကို စပြီး ကျင်းပလာတာနှစ်ပေါင်းးတစ်ရာကျော်ရှိပြီ။နှစ်ပေါင်းတစ်ရာကျော်တဲ့အထိကို အမျိုးသမီးအခွင့်အရေးတွေကို ခုချိန်တောင်းဆိုနေရတုန်းပဲ။
ကျားမတန်းတူညီမျှရေးကိစ္စတွေကို အခုချိန်ထိတောင်းဆိုနေရတုန်းပဲ။နိုင်ငံတစ်နိုင်ငံရဲ့ အရေးကြီးတဲ့ အခန်းကဏ္ဍတွေမှာလည်း အမျိူးသမီးတွေကို ပါဝင်ခွင့်ပေးသင့်တယ် “ဟု ၎င်းကပြောသည်၊
စစ်အာဏာရှင်စနစ် ကျရှုံးရေးကိုတိုက်ပွဲဝင်ရသည်နှင့် တပြိုင်နက်အမျိုးသမီးအခွင့်ရေးရရှိတို့အတွက်လည်းဆက်လက်ကြိုးပမ်းသွားရမည်ဟုယင်းက ပြောသည်။
အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ကို ၁၉၁၁ခုနှစ်မှ စတင်ကျင်းပြခဲ့ကြပြီး ၁၉၇၅ခုနှစ်တွင်ကမ္ဘာ့ကုလသမဂ္ဂမှ မတ်လ၈ရက်ကိုအပြည်ပြည်ဆ်ုင်ရာ အမျိုးသမီးများနေ့အဖြစ်တရားဝင် သတ်မှတ်ပေးခဲ့ခြင်းဖြစ်သည်။