စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်တွင် စစ်ကောင်စီတပ်က သေနတ်များရမ်းသမ်းပစ်ခတ်၍ ကျေးရွာများအတွင်းဝင်ရောက် စစ်ကြောင်းထိုးလာသော ကြောင့် ပြည်သူ ၁၅၀၀ ကျော်ဘေးလွတ်ရာထွက်ပြေးနေကြရသည်ဟု ဒေသခံများထံမှ သိရသည်။
ယနေ့မတ်လ၉ရက်၊ နံနက်၈နာရီဝန်းကျင်တွင် အင်အား၉၀ ဦးကျော်ရှိ အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှစစ်ကောင်စီတပ်စစ်ကြောင်းက သေနတ်များပစ်ဖောက်၍ ကျေးရွာများအတွင်းဝင်ရောက်လာခဲ့သည်။
အဆိုပါစစ်ကြောင်းဝင်ရောက်မှုကြောင့် အောင်ချမ်းစီ၊ ကံကုန်းရွာ၊ ဒုန်းတောရွာ၊ ထနောင်းကုန်း၊ အေးကုန်းရွာအပါအ၀င် လက်ပံတောင်းတောင်ဒေသတဝိုက်အနီးအနားကျေးရွာ ၁၀ မှ ဒေသခံ ၁၅၀၀ ကျော်လည်းထွက်ပြေးတိမ်းရှောင်နေကြရသည်။
ထွက်ပြေးတိမ်းရှောင်ကြစဥ် ကံကုန်းရွာနှင့် အေးကုန်းရွာတို့မှ ဒေသခံအမျိုးသား၃ဦးလည်း ဖမ်းဆီးခံလိုက်ရပြီးစစ်ကောင်စီတပ်ဖွဲ့များက ဒေသကာကွယ်ရေးတပ်ဖွဲ့များရှိသည်ဆိုသည့်အကြောင်းပြချက်ဖြင့် ကျေးရွာများအတွင်း ဝင်ရောက်ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။
” အစားအသောက်ကတော့ တစ်ချို့ကနီးစပ်ရာဆွေမျိုးသားချင်းတွေကကူညီပေးကျသလို၊ဒေသခံရွာတွေကလည်း ကူညီပေးကျတယ်ဗျ ။ရွာခံတွေက ထမင်းကျွေးကျသလို နီးစပ်ရာတွေကလည်းကျွေးမွေးကြတော့ ရေတိုမှာတော့ ပြသာနာဖြေရှင်းနည်းတစ်ခုပါပဲဗျ “ဟု စစ်ဘေးရှောင်အမျိုးသားတစ်ဦးကပြောသည်။
စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးဝင်ရောက်လာချိန်တွင် အနည်းဆုံး ၅ ရက်ခန့် ရှောင်ကြရပြီး ထိုသို့မကြာခဏထွက်ပြေးနေကြရသဖြင့် သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များသည် ရာသီဥတုဒဏ်ခံရ၍ ကျန်းမားရေးချို့ယွင်းမှုများရှိသည်ဟု သိရသည်။
လက်ရှိထွက်ပြေးနေကြရသည့် ကျေးရွာများမှပြည်သူများသည် စစ်ကောင်စီတပ်စစ်ကြောင်းများဝင်ရောက်မှုကြောင့် အကြိမ် ၂၀ ထက်မနည်း ထွက်ပြေးတိမ်းရှောင်နေခဲ့ကြရပြီးဖြစ်သည်ဟု ဒေသခံများထံမှ သိရသည်။
ဆားလင်းကြီးမြို့နယ် နှင့်ယင်းမာပင်မြို့နယ်တို့တွင် နယ်မြေရဲစခန်းများ၌ အထိုင်ချသော စစ်ကောင်စီတပ်များနှင့် ၀မ်ပေါင်ကြေးနီစီမံကိန်း၊ယန်စီ ကြေးနီစီမံကိန်းများကဲ့သို့သော လုပ်ငန်းခွင်များကို လုံခြုံရေးပေးနေသော စစ်ကောင်စီတပ်များက ကျေးရွာများအတွင်းကို မကြာခဏစစ်ကြောင်းထိုး ဝင်ရောက်လျှက်ရှိနေသည်။