စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်မြို့နယ်တွင် စစ်ကြောင်းထိုးဝင်ရောက်မှုများကြောင့် အမျိုးသားတစ်ဦးကျည်ထိမှန် သေဆုံးခဲ့ရပြီး ဒေသခံ ခြောက်ဦး အဖမ်းခံထားရသည်ဟု ဒေသခံများက ပြောသည်။
ယင်းမာပင်မြို့နယ် ကျေးစာကျ ကျေးရွာသို့ ယမန်နေ့ နံနက် ၁၀ နာရီဝန်းကျင်က စစ်ကြောင်းထိုးလာသော တပ်မ၇၇ မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည့် ထိပ်တိုက်တွေ့သည့်ဒေသခံအမျိုးသားတစ်ဦးသေနတ်ဒဏ်ရာဖြင့် သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ယင်းမာပင် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက သံလွင်ခက်ကိုပြောသည်။
“ပေကုန်းနဲ့ ကျေးစာကျနဲ့က ကပ်လျက်လေ။သူ့ ဦးလေးကို ရှောင်တိမ်းမယ့်နေရာသွားပို့ပြီး အပြန် ကျေးစာကျရွာမှာ စစ်ကောင်စီတပ်နဲ့ ထိပ်တိုက်တွေ့ပြီး ပစ်ခံရတာ၊ခြောက်ယောက်ကအဖမ်းခံထားရတယ်” ဟုပြောသည်။
စစ်ကြောင်းထိုးဝင်ရောက်မှုကြောင့် ကျေးစာကျ၊ ပေကုန်း၊ ထန်းတောကြီး စသည့် ကျေးရွာများအပါအဝင် ရွာပေါင်း ရှစ် ရွာမှ ဒေသခံပြည်သူ တစ်သောင်းကျော် စစ်ဘေးရှောင်နေရသည်ဟု ၎င်းကဆက်ပြောသည်။
“စစ်ကြောင်းတောက်လျှောက်မှာ ဦးတည်နေတဲ့ရွာတွေက အကုန်ရှောင်ရတာပဲ။ ပူလာတဲ့အချိန် နွေရာသီရောက်တာဆိုတော့ နေရထိုင်ရတာ ခက်ခဲတာပေါ့” ဟု၎င်းက ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် စစ်ကြောင်းထိုးရာတွင် ဒေသခံပြည်သူများကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်ထားသည့် ဒေသခံအမျိုးသားခြောက်ဦးကိုမည်သည့်နေရာတွင် ဆက်လက်ဖမ်းဆီးထားသည်ကိုမသိရသေးဟု ယင်းမာပင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်(ပကဖ) တစ်ဦးက ပြောသည်။
အဆိုပါ စစ်ကောင်စီတပ်ရင်းသည် အင်အား ၁၀၀ ခန့်ရှိပြီး ယမန်နေ့ နေ့လည် ၁၂ နာရီဝန်းကျင်တွင် ကျေးစာကျရွာမှ ထွက်ခွာကာ လက်ရှိအချိန်တွင် ဘိန်းနွယ်ချောင်ကျေးရွာ၌ တပ်စွဲထားသည်ဟု ၎င်းကဆက်ပြောသည်။
“စဝင်လာတုန်းကတော့ ၁၀၀ကျော်လောက်ရှိမယ်ဗျ။ နောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ တိုက်ပွဲဖြစ်တော့ ဒဏ်ရာရတာနဲ့ အသေအပျောက်လည်းရှိတော့ နည်းတော့နည်းသွားပြီ” ဟုပြောသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ယမန်နေ့က ထန်းတောကြီး ကျေးရွာရှိ ကင်းတဲတစ်လုံးနှင့် နေအိမ်တစ်လုံးကို မီးရှို့းခဲ့သည်။
ပုံစာ– ယင်းမာပင်မြို့နယ် မြောက်နုံးရွာရှိနေအိမ်များ မီးရှို့ခံရသည့်မြင်ကွင်း။