အမှတ်(၁)စစ်ဒေသလက်အောက်ရှိ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင်၁၅လတာအတွင်း တိုက်ပွဲပေါင်း ၂၄၀၀ ကျော်ဖြစ်ပွားခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ယမန်နေ့တွင်ထုတ်ပြန်ထားသည်။
၂၀၂၁ ခုနှစ် အောက်တိုဘာလမှ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလအထိ အမှတ်(၁)စစ်ဒေသနယ်မြေများတွင် တိုက်ပွဲပေါင်း၂၄၆၀ ကြိမ် ဖြစ်ပွားခဲ့ရာတွင် စစ်ကောင်စီဘက်မှ ၄၄၆၇ ဦး သေဆုံးခဲ့ပြီး ၄၆၁၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟုသိရသည်။
ထို့အပြင် စစ်ကောင်စီထံမှ လက်နက်မျိုးစုံ (၁၈၉)လက် အပါအဝင် ခဲယမ်းမီးကျောက် အမြောက်အမြားသိမ်းဆည်းရမိခဲ့သည်ဟု အဆိုပါထုတ်ပြန်ချက်တွင် ရေးသားထားသည်။
တိုက်ပွဲများအတွင်း တော်လှန်ရေးအင်အားစုများဘက်မှ (၃၆၁) ဦး ကျဆုံးခဲ့ရပြီး (၄၇၆) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
အဆိုပါတိုက်ပွဲများကို အမှတ်(၁) စစ်ဒေသကွပ်ကဲမှုအောက်ရှိ PDF၊ ပကဖနှင့် EROs ပူးပေါင်းအဖွဲ့များက ဆင်နွှဲခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
စစ်ကောင်စီက စစ်ကိုင်းတိုင်းရှိ မြို့နယ်၁၁ ခုနှင့် မကွေးတိုင်းရှိ မြို့နယ် ၅ခုကို စစ်အုပ်ချုပ်ရေးအဖြစ် ကြေညာထားသည်။
ပုံစာ– 96 Soldiers -PDF အညာဒေသတပ်ခွဲ ရဲဘော်များ