ကရင်နီတပ်မတော် KA ကွန်မာဒိုတပ်ဖွဲ့မှ စစ်ကောင်စီတပ်၏ ရှေ့တန်း ခလရ(၅၄) ဟွေအွမ်စခန်းအား ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး လက်နက်၊ခဲယမ်းများ သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။
သံလွင်အရှေ့ခြမ်း စွပ်ပိုင်လှေဆိပ်နှင့် ဟွေပူလောင်းကြား နမ့်ပန်ချောင်းဘေးတွင် အခြေပြုလျက်ရှိ သော စစ်ကောင်စီတပ် ရှေ့တန်းခလရ(၅၄)နှင့် နယ်ခြားစောင့်တပ်တို့ ပူးတွဲထိုင် သော ဟွေအွမ်တပ်စခန်း တစ်ခုကို ကရင်နီကွန်မာဒိုတပ်ဖွဲ့မှ ယမန်နေ့ မတ်လ၆ရက်၊နံနက် ၅နာရီ၊၄၅မိနစ်ခန့်တွင် ရုတ်တရက်ဝင်ရောက်စီးနင်းတိုက်ခိုက်နိုင်ခဲ့သည်။
အဆိုပါတိုက်ခိုက်မှုတွင် ကရင်နီကွန်မာဒိုတပ်ဖွဲ့မှ စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းများဖြစ်သည့် ၆၀ MM (၁)လက်၊ စနိုက်ဘာ(၁)လက်၊ MA-1(၁)လက်၊ MA-2(၂)လက် နှင့်MA-4(၂) လက်တို့ သိမ်းဆည်းရမိခဲ့ကြောင်းကရင်နီတပ်မတော် နည်းပျူဟာ(၁)မှူး၏ သတင်းပေးပို့ ချက်အရ သိရှိရသည်ဟု KA သတင်းပြန်ကြားရေးအဖွဲ့ကဖော်ပြထားသည်။
ထိုစစ်ကောင်စီစခန်းအား ဝင်ရောက်စီးနင်းတိုက်ခိုက်မှုတွင် စခန်းအတွင်း၌ အလောင်း ၆ လောင်းတွေ့ရပြီး ကျန်သူများမှာ စခန်းမှထွက်ပြေးလွတ်မြောက်သွားသည်ဟု သိရသည်။
ရှေ့တန်း ခလရ(၅၄)သည် သံလွင်မြစ် အရှေ့ဖက်ခြမ်းတွင် လွန်ခဲ့သော ၂၀၂၀ ခုနှစ် နောက်ပိုင်း ကတည်းကရောက်ရှိခဲ့ပြီး ဟွေအွမ်စစ်ဒေသတွင် စခန်းငယ်၄ခု ပြန့်ကျဲ၍ စခန်းထိုင်လှုပ်ရှားရသည့် တပ်ရင်း ဖြစ်သည်။
ထို့အပြင် နယ်စပ်အနီး စခန်းထိုင်လှုပ်ရှားနေသော ရှေ့တန်း ခလရ(၁၃၄)နှင့်(၁၃၅)တို့ကိုလည်း လိုအပ်လျှင်လိုအပ်သလို အင်အားဖြည့်ပေးရလျက်ရှိသည်။
ခလရ (၅၄)သည် အခြားတပ်ရင်းများကို ရိက္ခာနှင့်လက်နက်ခဲယမ်း ပို့ဆောင်ရေး အစီအစဉ် များတွင် ကူညီဆောင်ရွက်ပေးရသဖြင့် တပ်ရင်းအခြေပြုစခန်းများတွင် အင်အားနည်းနေချိန်၌ ကရင်နီကွန်မာဒိုတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ပုံစာ–ကရင်နီနယ်စပ်ရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို ကရင်နီပူးပေါင်းတပ်များ ပြီးခဲ့သောလတွင်တိုက်ခိုက်ခဲ့မှု။