စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်အတွင်းရှိ ကိုးတောင်ဘို့ ၊ ချပ်သင်းနှင့် ပင့်သာတိုက်နယ်များတွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးများက စစ်ကြောင်းထိုး မီးရှို့မှုများကြောင့် စစ်ဘေးရှောင်သဟဦးရေ ၃သောင်းကျော်ရှိလာပြီဟု သိရသည်။
ကန့်ဘလူခရိုင်အတွင်းရှိ ကိုးတောင်ဘို့ ၊ ချပ်သင်းနှင့် ပင့်သာတိုက်နယ်များတွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးများက စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးမှုများကို ဆက်တိုက်ပြုလုပ်နေသည်ဟု သိရသည်။
“ကိုးတောင်ဘို့နဲ့ ချပ်သင်းက တချို့ရွာတွေဆို အမြဲစစ်ရှောင်နေရတာ တစ်နှစ်ရှိပြီ။ အခုကလဲ စစ်ကြောင်း၃ ကြောင်းပတ်ထိုးနေတာ ရွာတွေအများကြီးရှောင်ရတယ် “ဟု ကျွန်းလှကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ကသံလွင်ခက်ကိုပြောသည်။
မတ်လ ၄ ရက်နှင့် ၅ ရက်တို့တွင် ပင့်သာ (တည်ပင်) ရွာကို စစ်ကောင်စီတပ်နှင့် ပျူစောထီး အင်အား ၂၀၀ ကျော်က နှစ်ရက်ဆက်တိုက် ဝင်ရောက်စီးနင်း မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၅၁ လုံးနှင့် လယ်ယာသုံးပစ္စည်းများမီးလောင်ပျက်စီး ဆုံးရှုံးခဲ့ရသည်ဟု ဒေသခံတစ်ဦးက ပြောသည်။
“စစ်ကြောင်းတွေက အမြဲတမ်းသွားလာနေတော့ ရွာသားတွေလဲ အမြဲတမ်းပြေးလွှားနေရတာ။ ရွာထဲမှာတောင် နေရဲတဲ့သူ သိပ်မရှိတော့ဘူး။ရွာသားတွေဆိုလည်းဘာစီးပွားရေးမှလုပ်မရတော့ဘူး“ဟု ၎င်းက ပြောသည်။
အဆိုပါ ပင့်သာ (တည်ပင်) ရွာသည် လေးကြိမ်မြောက် မီးရှို့ခံရခြင်းဖြစ်ပြီး နေအိမ်စုစုပေါင်း (၁၅၀ )အထိပျက်စီးဆုံးရှုံးခဲ့သည်။
ထို့နည်းတူ ကိုးတောင်ဘို့တိုက်နယ်ရှိ အောက်တဲရွာကိုလည်း မတ်လ ၄ ရက် နံနက် ၆ နာရီခွဲတွင်စစ်ကောင်စီလက်အောက်ခံ ခြေလျင်တပ်ရင်း – ၁၃၇ က အင်အား ၅၀ ကျော်က ကျေးရွာအား စီးနင်းကာ မီးရှို့ဖျက်ဆီးခဲ့သည့်အတွက် နေအိမ်နှစ်လုံး မီးလောင်ပျက်စီးခဲ့သည်ဟု သိရသည်။
ထိုကျေးရွာမှာလည်း တတိယအကြိမ်မြောက် မီးရှို့ခံရခြင်းဖြစ်ပြီး မီးရှို့မှုကြောင့် နေအိမ် ၄၂ လုံးအထိပျက်စီးဆုံးရှုံးထားသည်။
စစ်ကောင်စီနှင့် ပျူစောထီးများ မကြာခဏ စစ်ကြောင်းထိုးမီးရှိူ့မှုများကြောင့် စစ်ဘေးရှောင်ဦးရေ များပြားလာပြီး အခက်ခဲများလည်း ရှိနေသည်ဟု သိရသည်။
စစ်ဘေးရှောင် ကူညီသူတစ်ဦးက “စစ်ကြောင်းတွေက မကြာခဏထိုးတဲ့အတွက် ဘာလုပ်ငန်းမှလဲလုပ်လို့မရဘူး။ဝင်ငွေကလဲမရှိဘူး ။လမ်းကြောတွေကလဲ ဖြတ်တောက်ထားတဲ့အတွက် ဘာမှလဲ လုပ်လို့မရဘူး။ စားရေးသောက်ရေးတွေကတော့လောက်ငှရုံ စားရတာပေါ့ဗျာ။ လိုအပ်တဲ့ ပစ္စည်းတွေလဲ လွယ်လွယ်ကူကူဝယ်လို့မရနိုင်ဘူး“ဟုပြောသည်။
စစ်ကြောင်းထိုးမီးရှို့မှုများကြောင့် ချပ်သင်း၊ကိုးတောင်ဘို့၊လျှော်ဖြူကုန်း၊ဇီးကနား၊နှောကုန်း၊ကိုင်းမ၊ကံကြီး၊ဇော်ချောင်း၊ရဲဒွေး၊ကျီစု၊ ပင့်သာ၊ချောင်းကြား၊အင်းမ၊ရှမ်းကုန်း၊တောင်ယာဆိပ်၊မကျီးကုန်း၊ဖလားရ ရွာများရှိ ဒေသခံပြည်သူများ စစ်ဘေးရှောင်နေရခြင်းဖြစ်သည်။