တမူး ကဘော်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း(၃)ကို အမျိုးသားလွတ်မြောက်ရေးတပ်တော်အဖြစ် ပြောင်းလဲပြင်ဆင်ဖွဲ့စည်းခဲ့ကာ တော်လှန်ရေးကို အရှိန်တိုးမြှင့်တိုက်ပွဲဝင်သွားမည်ဟု သိရသည်။
၂၀၂၁ခုနှစ် မတ်လမှစ၍ တိုင်းရင်းသားဒေသတစ်ခုတွင် စစ်ပညာသွားရောက်သင်ကြားခဲ့ပြီ ဩဂုတ်လတွင်Myanmar Federal Army အမည်ဖြင့် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ထို့နောက် တမူးကဘော်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း(၃)ဟု ပြောင်းလဲခေါ်ဝေါ်ခဲ့ပြီး ယခုအချိန်တွင် National Liberation Army ဟုပြောင်းလဲပြင်ဆင်ဖွဲ့စည်းခဲ့သည်ဟု ပြောရေးဆိုခွင့်ရှိသူ ရဲဘော်သျှောင်တစောင်းက သံလွင်ခက်ကိုပြောသည်။
“လက်ရှိမှာတော့ တပ်ရင်းနှစ်ရင်းစာ လူအင်အားရှိနေတယ်။ စစ်ရေးအရလျှို့ဝှက်ချက်ဖြစ်လို့ တိတိကျကျမပြောနိုင်ဘူး” ဟု၎င်းကဆိုသည်။
ပြီးခဲ့သည့် မတ်လ ၅ ရက်နေ့က အမျိုးသားလွတ်မြောက်ရေးတပ်တော် National Liberation Army ဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။
နွေဦးတော်လှန်ရေးကို တပ်ရင်းအဆင့်ထက် ပိုမိုကျယ်ပြန့်စွာ လုပ်ဆောင်နိုင်စေရန်အတွက် စစ်ရေးနှင့်နိုင်ငံရေးရည်မှန်းချက်၊ ရည်ရွယ်ချက်၊ မူဝါဒလမ်းစဉ်များချမှတ်ကာ ပြောင်းလဲပြင်ဆင်ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်ဟု သိရသည်။
“တော်လှန်ရေးကို အရှိန်အဟုန်မြှင့်မယ် ပြည်သူတွေလိုချင်နေတဲ့ ဖယ်ဒရယ်ကို ပြည်သူတွေလက်ထဲပြန်ထည့်နိုင်အောင် အမြန်ဆုံးကြိုးစားမယ်“ဟု ရဲဘော် သျှောင်တစောင်းကဆိုသည်။
အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံ တပ်ရင်းတပ်ဖွဲ့များ၊ တော်လှန်ရေးအင်အားစုများ၊ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအင်အားစုများ၊ ဒေသတွင်းတော်လှန်ရေးအင်အားစုများနှင့်အတူ ပူးပေါင်းကာ မဟာမိတ်ဆက်ဆံရေးပြုလုပ်၍ အာဏာရှင် အမြစ်ပြုတ်သည်အထိ ဆက်လက်တိုက်ခိုက်သွားမည်ဟု ဆိုသည်။