မန္တလေး၊ အောင်မြေသာစံမြို့နယ်အတွင်းရှိ အိုးဘိုအကျဉ်းထောင်တွင် ရိုက်နှက်ခံထားရသည့် နိုင်ငံရေး အကျဉ်းသူများ ဆက်လက် အခွင့်ရေးချိုးဖောက်ခံနေရသည်ဟု အကျဉ်းထောင်နှင့် နီးစပ်သူများထံက သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ပထမပတ်တွင် အိုးဘိုအကျဉ်းထောင်တွင် ထောင်ဝန်ထမ်းများက အမျိုးသမီးနိုင်ငံရေးအကျဉ်းသူများ၏ အိပ်ဆောင်အတွင်းထိ ဝင်ရောက်ရိုက်နှက်မှုဖြစ်ပွါးခဲ့သည်။
အဆိုပါဖြစ်စဉ်များတွင် ပါဝင်ခဲ့သည့် အကျဉ်းသူများအပေါ် ဖိနှိပ်မှုများ ဆက်လက်လုပ်ဆောင်နေခြင်းဖြစ်သည်ဟုအကျဉ်းထောင်နှင့် နီးစပ်သည့်ရှေ့နေတစ်ဦးက ပြောသည်။
၎င်းက ” ဒီဖြစ်စဉ်ထဲမှာ ခံစားခံရတဲ့ အကျဉ်းသူတွေရဲ့ ထောင်ဝင်စာကို ပိတ်ထားပါတယ်။ ထောင်ဝင်စာပိတ်ထားတဲ့ သတင်းအချက်လက် မရသလို ဆေးဝါးပို့ပေးဖို့လည်း မရပါဘူး။ ဆေးကုသခွင့်လည်း ပြည့်ပြည့်ဝဝမရသလို ဆေးကုသခွင့်လည်းမရဘူး။ ပြီးတော့ တချိုလူတွေကို ထောင်ပြောင်းလိုက်တယ် ။ တိုက်ပိတ်ခံထားရသူတွေလည်းရှိပါတယ် ” ဟုဆိုသည်။
ထောင်ပြောင်းရွေ့မှုများ ပြုလုပ်လိုက်သည့်အတွက် အပတ်စဉ် သွားရောက်တွေဆုံရန် အဆင် မပြေဖြစ်ရသည်ဟုထောင်ပြောင်းရွေ့ခြင်းခံခဲ့ရသည့် အကျဉ်းသူ၏ မိသားစုဝင်က ပြောသည်။
” အရင်ကဆို ကလေးတွေနဲ့ အပတ်စဉ်သွားတွေ့ရတယ် အခုခါကြတော့ အပတ်စဉ်တွေ့ဖို့က အဆင်မပြေဖြစ်သွားပြီ ထောင်တွေလည်းဝေးသွားကြပြီ။ ကလေးတွေးလည်း နေထိုင်ကောင်းကြရဲ့ကအစ ဘာသတင်းမှ မကြားရသေးဘူး။ သူတို့ရဲ့ အသက်အန္တရာယ်လည်း စိုးရိမ်တယ် ” ဟု ၎င်းက ဆိုသည်။
ပြီးခဲ့သည် ဖေဖော်ဝါရီ ၃ ရက် ညနေ ၃ နာရီခန့်တွင် အိုးဘိုအကျဉ်းထောင်ရှိ မိန်းကလေးဆောင်၌ အကျဉ်းဦးစီးဝန်ထမ်းများမှ နိုင်ငံရေးအကျဉ်းသူတစ်ဦးကို ပြောဆိုရိုက်နှက်ရာမှ စကားများရန်ဖြစ်ခဲ့ကြသည်။
စကားများ ရန်ဖြစ်သည်ကို ပြေလည်အောင်ဖြေရှင်းပေးခြင်းမရှိဘဲ အကျဉ်းဦးစီး အမျိုးသား ဝန်ထမ်း အင်အား၁၅၀ခန့်က ဒိုင်းကာများ၊လောက်လေးခွများ၊ သံဒုတ်များ၊ ဝါးဆစ်ပိတ်များ၊ ကျဉ်စက်များ အသုံးပြုကာ အင်းအားသုံးဖြိုခွင်ခဲ့ကြသည်ဟု ဆိုသည်။
ဖေဖော်ဝါရီလ ၄ ရက်တွင် အဆိုပါဖြစ်စဉ်ပေါ် မခံရပ်နိုင်သည့်အတွက် နိုင်ငံရေးအကျဉ်းသူများနှင့် ဝန်ထမ်းများကြား ထပ်မံခိုက်ရာဖြစ်ပွားရာမှ ထောင်အာဏာပိုင်များဘက်မှ တစ်ထောင်လုံးရှိ အမျိုးသမီးများ အိပ်ခန်းဆောင်အခန်းများထဲထိ ဝင်ရောက်ရိုက်နှက် ဖမ်းဆီးခြင်းများ ပြုလုပ်ခဲ့ကြသည်။
အဆိုပါ ဖြစ်စဉ်များအတွင်း အမျိုးသမီးနိုင်ငံရေး အကျဉ်းသူ ၁၀၀ ဦးကျော် ဒဏ်ရာရရှိခဲ့ပြီး ၂၁ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့သည်ဟု NUG လူ့အခွင့်အရေး ဝန်ကြီးဌာနက ဖေဖော်ဝါရီ ၁၂ ရက်တွင် ထုတ်ပြန်ထားသည်။
ရိုက်နှက်ခံရမှုကြောင့် ဦးခေါင်းကွဲ ဒဏ်ရာရရှိသူ ၆ ဦး၊ မျက်လုံးအနီး လေးခွမှန်သူ ၃ ဦး၊ နားရွက်ပြတ်ရှ ဒဏ်ရာရသူ ၂ ဦး၊ လက်ကျိုးသူ ၁ ဦး၊ နှင့် မျက်လုံးထဲ မှန်စဝင်သူ ၁ ဦးတို့ ဒဏ်ရာရရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထောင်အတွင်းအကြမ်းဖက်မှုနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ(ICRC) နှင့် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်အဖွဲ့များကတွေ့ဆုံ ဖြေရှင်းနိုင်ရန် နိုင်ငံရေးအကျဉ်းသူများ၏ မိသားစုဝင်များက လိုလားနေကြသည်။