ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အတွင်း၌ စစ်ရေးလှုပ်ရှားမှုများကို အဓိကဆောင်ရွက်နေသည့် ကရင်နီတော်လှန်ရေးတပ်ပေါင်းစု (KRU)မှ စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်နိုင်ရန် ပြင်ဆင်နေသည်ဟုတပ်ဖွဲ့တာဝန်ရှိသူ ကိုလင်းလင်းကပြောသည်။
စစ်ကောင်စီတပ်များ လနှင့်ချီ တပ်စွဲထားခဲ့သော ဒီးမော့ဆို ကုန်းသာကျေးရွာကို ကရင်နီတပ်ပေါင်းစုက ထိန်းချုပ်ထားနိုင်ပြီး ဘုန်းကြီးကျောင်းဝန်းကျင်နေရာအနည်းငယ်တွင်သာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ အခြေချတပ်စွဲထားနိုင်သည်ဟုသိရသည်။
” ကျွန်တော်တို့က အရင်ကတပ်ပေါင်းစုပေါ့။ အခုကတပ်ရင်းတစ်ခုအနေနဲ့သွားတော့မှာဆိုတော့ စစ်ကြောင်းတွေသွားပြီး စခန်းသိမ်းတိုက်ပွဲတွေဖြစ်ဖြစ်၊ အခြားတိုက်ပွဲတွေဖြစ်ဖြစ်ဆင်နွှဲရင် RPG မပါရင်အဆင်မပြေဘူး။ကျွန်တော်တို့မှာ ၇၉ လို့ခေါ်တဲ့ လက်နက်တွေရှိတယ်။ RPG မရှိသေးတာပေါ့ ။ RPG ရှိရင်တော်တော်လေး ပြည့်စုံသွားပြီ “ဟု ကိုလင်းလင်းကပြောသည်။
KRU တပ်ရင်းသည် ပြီးခဲ့သောဖေဖော်ဝါရီလတွင် ဒီးမော့ဆိုမြို့ကုန်းသာ ကျေးရွာအတွင်း တပ်စွဲထားသော စစ်ကောင်စီတပ်မှ ကင်းပတ်ရန်ထွက်စဥ်အနီးကပ် စောင့်ကြိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးသေဆုံးခဲ့သည်။
ထိုစစ်ဆင်ရေးအတွင်း၌ ကရင်နီ တော်လှန်ရေးတပ်ပေါင်းစု KRUဘက်မှ တစ်စုံတစ်ရာ ထိခိုက်ခဲ့ခြင်း မရှိဘဲအောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည့်အပြင် MA-1 သေနတ် တစ်လတ် ၊ ကျည်ဘောက် ၃ဘောက် ၊ ကျည်၂၂၅ တောင့်တို့ကို ရယူနိုင်ခဲ့သည်။
ဒီးမော့ဆိုမြို့နယ်အတွင်း၌ တိုက်ပွဲနှင့်စစ်ရေးမစ်ရှင်များစွာ ဖော်ဆောင်နေသည့် KRU တပ်ရင်းသည် ရှေ့တန်းစစ်မျက်ပြင်၌ ထိရောက်သောချေမှုန်းမှုများနှင့် ရန်သူတပ်စခန်းအကာအကွယ်များကို ဖြိုခွင်းနိုင်သော RPG-7 အမျိုးအစား လောင်ချာရရှိနိုင်ရန် ပြင်ဆင်နေသည် ။
လိုအပ်နေသော RPG အတွက် ကရင်နီတော်လှန်ရေးတပ်ပေါင်းစု (KRU) မှ သင်္ကြန်အမှီ ” RPG Campaign Challenge ” တစ်ခုကို ပြုလုပ်သွားရန်ရှိပြီး ပြည်သူများ ဝိုင်းဝန်းကူညီထောက်ပံ့ပေးရန် KRU တပ်ရင်းမှတောင်းဆိုထားသည်။
” အရေးကြီးတဲ့ အရာလေးတွေကို ကြိုတင်ပြင်ဆင်မှုလုပ်နေတယ်။ ကျွန်တော်တို့က သိန်း ၁၀၀၀ မှန်းထားတာပေါ့။ RPG နှစ်လက်နဲ့ ကျည်ဖူးတွေရသလောက်စုဆောင်းသွားမှာ ဖြစ်ပါတယ် “ဟု ကိုလင်းလင်းကပြောသည်။
ဒီးမော့ဆိုမြို့နယ်တွင် ပြီးခဲ့သောနှစ်ကုန်းပိုင်း၌ စစ်ကောင်စီတပ်က လနှင့်ချီတပ်စွဲထားခဲ့သော ကုန်းသာကျေးရွာအပါအဝင်နေရာတချို့ကို လက်လွတ်ခဲ့ရသည့်အတွက် အင်အားအလုံးအရင်းဖြင့် ပြန်လည်ထိုးစစ်ဆင်ရန်ပြင်ဆင်နေသည်ဟု သိရသည်။
” စစ်ကောင်စီကနေ ထိုးစစ်တွေဆင်လာမယ်လို့ ကြားထားတယ်။ တင့်ကားတွေလည်းရောက်နေတယ်။ စစ်ကူအင်အားတွေလည်းတော်တော် လေးဖြည့်ထားတယ် “ဟု KRU တာဝန်ရှိသူက ပြောသည်။
စစ်ကောင်စီတပ်ဘက်မှ အင်အားများဖြည့်တင်းနေမှုများကြောင့် မကြာမီအချိန်တွင်း၌ စစ်ရေးအခြေအနေပိုမိုပြင်ထန်းလာနိုင်သည့်အခြအနေရှိသဖြင့် တပ်ရင်းအတွက် အဓိက လိုအပ်သည် RPG ရရှိရေးကို ပြည်သူများအမြန်ဆုံးကူညီပေးကြရန် KRU တပ်ရင်းက မေတ္တာရပ်ခံသည်။
ကရင်နီပြည်တွင် ဒီးမော့ဆိုမြို့နယ်သည် တိုက်ပွဲအများဆုံးဖြစ်ပွားရာမြို့နယ်တစ်ခုဖြစ်ပြီး ၂၀၂၁ ခုနှစ် မေလကတည်း လက်ရှိအချိန်ထိ တိုက်ပွဲများတောက်လျောက်ဖြစ်ပွားနေခဲ့သည်။
ပုံစာ–ကရင်နီတော်လှန်ရေးတပ်ပေါင်းစု KRU တပ်ဖွဲ့ဝင်များ။