စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေမှုကြောင့် ခင်ဦးမြို့တွင် ယခုရက်ပိုင်းအတွင်း၌ အသက် ၉၀ ကျော်အဖွားအိုတစ်ဦး၊ အသက် ၁၂ နှစ်နှင့် ၈ နှစ်အရွယ်ကလေးငယ်နှစ်ဦး စုစုပေါင်းပြည်သူ ၃ ဦးအသက်ဆုံးရှုံးထားခဲ့သည်။
ယမန်နေ့ မတ်လ၆ရက်တွင် အင်အား၁၀၀ ဦးကျော်ပါစစ်ကောင်စီတပ်စစ်ကြောင်းသည် ရေးဦးမြို့နယ်၊ အောင်သာယာပျူစောထီးကျေးရွာမှ ရေဦး–ခင်ဦး–ကန့်ဘလူအစပ် ကန့်ဘလူနယ် ကျီစုရွာဘက်မှစစ်ကြောင်းလာသောကြောင့် ခင်ဦးနယ်မှ ငါးရုံကြီးရွာ၊ရှားတောရွာ၊ မုံလှရွာတို့ ဒေသခံပြည်သူများ တောထဲတိမ်းရှောင်ခဲ့ရသည်။
ထို့နောက်အဆိုပါစစ်ကြောင်းသည် ကလုံကျေးရွာအတွင်းဝင်ရောက် စစ်ကြောင်းထိုးခဲ့သော ကြောင့် သရက်ကုန်းကျေးရွာအပါအဝင် အနီးအနားရှိကျေးရွာများမှ ပြည်သူများ တောထဲရှောင်တိမ်းခဲ့ကြရသည်။
“အဖွားကအသက် ၉၂ နှစ်၊ သရက်ကုန်းကျေးရွာကပါ။ စစ်ရှောင်ရင်းဘာမှပါမလာတော့ အအေးဓာတ်ကလည်းရှိနေသေးတော့ တောင့်ပြီးသေဆုံးသွားတာ။ အခုမနက်အစောပိုင်းမှာ သေဆုံးသွားတာပါ ” ဟု ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့ တာဝန်ရှိသူက သံလွင်ခက်ကိုပြောသည်။
ယမန်နေ့က စစ်ကြောင်းထိုးဝင်ရောက်လာမှုကြောင့် ဒေသခံ၈၀၀၀ကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီးလက်နက်ကြီးများရမ်းသမ်းပစ်ခတ်မှုကြောင့် မုံလှကျေးရွာမှ အသက်၈နှစ်အရွယ် မစုရတနာမြင့် လက်နက်ကြီးမှန်၍ သေဆုံးခဲ့ရပြီး အမျိုးသား၂ဦး ဒဏ်ရာရရှိခဲ့သည်။
ထို့ပြင် မတ်လ၅ရက်တွင်လည်း ခင်ဦးမြို့နယ် အလယ်ရှိုကျေးရွာတွင် စစ်ကောင်စီတပ်စစ်ကြောင်းကျန်ခဲ့သော ၇၉မမ ကျည်ဖူးကောက်ယူမိ၍ မတော်တဆပေါက်ကွဲပြီး အသက်၁၂ အရွယ် မောင်ချစ်ရင်ထူး သေဆုံးခဲ့သည်။
ယမန်နေ့ညတွင် ကလုံကျေးရွာ၌ညအိပ်ခဲ့သော စစ်ကောင်စီတပ်စစ်ကြောင်းသည် ယနေ့နံနက်ပိုင်းတွင်လက်နက်ကြီးများပစ်ခတ်၍ စစ်ကြောင်းထွက်ရန်ပြင်ဆင်နေသည်ဟု ဒေသခံများထံမှသိရသည်။
ပုံစာ–စစ်ကောင်စီတပ်စစ်ကြောင်းထိုးမှုကြောင့် ခင်ဦးဒေသခံပြည်သူများ ထွက်ပြေးနေရမှု။