စစ်ကောင်စီတပ်က ကျေးရွာများသို့ စစ်ကြောင်းထိုးလျှင် ဒေသခံပြည်သူများအနေဖြင့် နေအိမ်တွင် နေထိုင်ခြင်းမပြုဘဲ တိမ်းရှောင်နေထိုင်ရန် အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ယနေ့မွန်းလွဲပိုင်းက ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
လူ့အခွင့်အရေးဝန်ကြီးဌာနအနေဖြင့် ပညာပေးများပြုလုပ်နေပြီး တချို့နယ်မြေများတွင် ဝိုင်းဝန်း ခုခံကာကွယ်နေသော်လည်း ပြည်သူများအနေဖြင့် အန္တရာယ်ဖြစ်စေမည့် နေရာတွင် မနေထိုင်ကြရန် လိုအပ်သည်ဟု လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ပြောသည်။
“စစ်တပ်လာပြီဆိုလို့ရှိရင်တော့ တတ်နိုင်သ၍ ရှောင်တာ အကောင်းဆုံးပါ။ စစ်တပ်က လူမှန်သမျှ ပြည်သူမှန်သမျှကို ရန်သူ အဖြစ်သတ်မှတ်ပြီးတော့ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ ငါ့ကိုဘာမှ မလုပ်ဘူးလို့ ပြောလို့မရပါဘူး။ ဒါ့ကြောင့် ကိုယ့်အန္တရာယ်ကို ကိုယ်အတတ်နိုင်ဆုံး ရှောင်ရှားဖို့ ကျွန်တော်တို့က အမြဲတမ်း တိုက်တွန်းပါတယ်” ဟု၎င်းက ပြောသည်။
ပြည်သူများအနေဖြင့် မိမိနေအိမ်များ၊ ယာခင်းများကို လည်း တွယ်တာမနေဘဲ စစ်ကြောင်းထိုးလျှင် တိမ်းရှောင်ကြရန်လိုအပ်သည်ဟု ဦးအောင်မျိုးမင်းက ပြောသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်ရှိ တာတိုင်ကျေးရွာတွင် မတ်လ ၂ ရက်နေ့က လူအစုလိုက်အပြုံလိုက်သတ်ခံရသည့်ဖြစ်စဉ်နှင့် ပတ်သတ်၍ ဆက်စပ် တိုက်တွန်းပြောဆိုခဲ့ခြင်းလည်းဖြစ်သည်။
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ် ညောင်ရင်းကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်မ (၉၉) တပ်ဖွဲ့ဝင်များသည် မတ်လ ၁ ရက်နေ့ နံနက်ပိုင်းက တာတိုင်ကျေးရွာသို့ ဝင်ရောက်ပြီး မတ်လ ၂ ရက်နေ့က စစ်ကြောင်းထွက်စဉ် ဒေသခံ ၁၆ ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားပြီး နောက်အစုလိုက် သေဆုံးနေခြင်းဖြစ်သည်ဟု ယနေ့ သတင်းစာရှင်းလင်းပွဲတွင်ပြောသည်။
တာတိုင်ကျေးရွာသည် စစ်ကိုင်းမြို့နယ်၊ ရွှေလီကျေးရွာအုပ်စုတွင် တည်ရှိပြီး အိမ်ခြေ (၇၈) လုံးရှိကာ ဧရာဝတီမြစ်နှင့် မူးမြစ်တို့ဆုံသည့်နေရာတွင် တည်ရှိသည့် ကျေးရွာဖြစ်သည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် စစ်ကိုင်းတိုင်းကို ထိန်းချုပ်နိုင်ရန် ထိုးစစ်ဆင်လျှက်ရှိရာ စစ်ကြောင်းတစ်လျှောက်ရှိ ဒေသခံများကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်ခြင်းနှင့် နေအိမ် အဆောက်အဦးများကို မီးရှို့မှုများဆက်တိုက်လုပ်ဆောင် လျှက်ရှိသည်ဟု စစ်တမ်းကောက်ယူသည့်အဖွဲ့များက ထုတ်ပြန်ထားသည်။