ပဲခူးတိုင်းဒေသကြီး ဝေါမြို့ ဘုရားပျိုရွာတွင် စစ်ကောင်စီက လျှပ်စစ်မီးလိုင်းများဖြတ်တောက်ထားပြီး ကျေးရွာအနီးတစ်ဝှိုက်ရှိ ရွာသား ၁၃ဦး ဖမ်းဆီးထားသည်ဟု ဒေသခံများထံမှသိရသည်။
ယမန့်နေ့ မတ်လ၅ရက် ညပိုင်းတွင် စစ်ကောင်စီအင်အား၂၀ခန့်ဖြင့် ဘုရားပျိုရွာနှင့် ရွာအနီးတဝိုက်ရှိ ရွာသားများအား အချုပ်ကား(၂)စီးဖြင့် လာရောက်ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက သံလွင်ခက်ကိုပြောသည်။
“မနေ့ညကမီးဖြတ်ပြီးတော့ ရွာထဲကို ဝင်တယ်။အဓိကကတော့ အဲ့နားက စစ်တပ်ဂိတ်အပစ်ခံခဲ့ရတဲ့ ကိစ္စကြောင့်ပဲ။ရွာထဲပတ်ဖမ်းမလို့ မီးဖြတ်
ပြီးဝင်တာဗျ။PDFတွေကို ထောက်ပံ့ဖို့ပါနိုင်မယ်ထင်တဲ့သူတွေကို ဝင်ဆွဲတာပါ။ဝေါအရှေ့ခြမ်းကရွာတွေကို သူတို့ဖိမယ်လို့ပြောတယ်။ရွာကို မီးရှို့မယ်လို့လဲခြိမ်းခြောက်သွားတယ် “ဟု ၎င်းက ပြောသည်။
ပြီးခဲ့သောလ ဖေဖော်ဝါရီ ၂၆ရက်တွင် စစ်ကောင်စီ စစ်ဆေးဂိတ် ပစ်ခတ်ခံရပြီးနောက် ဘုရားပျိုရွာ အနီးတဝိုက်တွင် စစ်ဆေးရေးများတင်းကြပ်နေပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင်များအား စုံစမ်းရှာဖွေမှုများ ပြုလုပ်နေသည်ဟုလည်းသိရသည်။
“၂၆ရက်နေ့ မစ်ရှင်ပြီးတဲ့နောက်ပိုင်းကတည်းက ရွာထဲကို ဝင်မွှေနေတာ။ အဲ့ဒီရွာထဲကို တခြားကရွာသားတွေအဝင်မခံဘူး။ ရွာရှောင်လမ်းကပဲဖြတ်သွားခိုင်းတယ်။ ရွာထဲကို ဆက်သွယ်ထားတဲ့ လျှပ်စစ်မီးတွေကိုလည်းဖြတ်တောက်ပစ်လိုက်တယ်။ပြီးတော့ ရွာသားတွေကို PDFအထင်နဲ့ဖမ်းဆီးသွားတာ” ဟု ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ကပြောသည်။
ဖမ်းဆီးခံရသူအမျိုးသားများအား စစ်ကောင်စီတပ်ဖွဲ့ဝင်များက စစ်ဆေးမေးမြန်းမှုများပြုလုပ်နေပြီး ယနေ့ နေ့လည်ပိုင်းအချိန်ထိ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးဟုသိရသည်။
ဝေါမြို့နယ်တွင် ယခုလပထမအပတ်အတွင်း မြစ်ကျိူးရဲစခန်းနှင့် လက်ပန်ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများကို ဝေါမြို့ပြတော်လှန်ရေးအဖွဲ့များက ဗုံးသီးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့်စစ်ကောင်စီတပ်နဲ့ရဲတပ်ဖွဲ့ဝင်အင်အား ၅ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့သည်ဟု သိရသည်။