မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့မရဲစခန်းကို ယမန်နေ့ညက အဝေးထိန်းမိုင်းနှစ်လုံးဖြင့် သွားရောက်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။
ယမန်နေ့ည ၈နာရီကျော်တွင် လုံခြုံရေးအထပ်ထပ်ကြားမှ မြို့မရဲစခန်းအနားသို့ အနီးကပ်ဆုံးချည်းကပ်ကာအဝေးထိန်းစနစ်နဲ့ မိုင်းနှစ်လုံးဖောက်ခွဲတိုက်ခိုက်ခဲ့သည်ဟု မကွေးခရိုင် အမှတ်၂တပ်ရင်း တပ်ခွဲ၁ People’s Defence Force Yenangyaung တာဝန်ခံ ဗိုလ်စံသျှားက သံလွင်ခက်ကိုပြောသည်။
“ကင်းစောင့်နေတဲ့ရဲတွေတော့ရှိတယ် ကျွန်တော်တို့စောင့်ဆိုင်းပြီး စနစ်တကျဖောက်ခွဲခဲ့တာပါ“ဟု ၎င်းကဆိုသည်။
အဆိုပါရဲစခန်းတွင် အင်အားသုံးဆယ်ခန့် တပ်စွဲနေတာဖြစ်ပြီး ယမန်နေ့ညက တိုက်ခိုက်မှုကြောင့် ဘန်ကာအဆောက်အဦးများ ထိခိုက်ပျက်စီးသွားသည်ဟု ဗိုလ်စံသျှားကဆိုသည်။
ထို့အပြင် ရဲစခန်းအတွင်း ထိခိုက်ပျက်စီးမှုများလည်းရှိနိုင်ပြီး ထိခိုက်သေဆုံးမှု အခြေအနေကိုတော့ ဆက်လက်စုံစမ်းနေဆဲဖြစ်သည်ဟု သိရသည်။
အဝေးထိန်းမိုင်းဖောက်ခွဲချိန်တွင် ဆိုင်ကယ်မောင်းလာသည့် ပြည်သူတစ်ဦးကို ထိမှန်သွားပြီး အနည်းငယ်ထိခိုက်ဒဏ်ရာရရှိသွားသည့်အတွက် အနူးအညွတ်တောင်းပန်သည်ဟု ဗိုလ်စံသျှားကဆိုသည်။
အဆိုပါမိုင်းခွဲတိုက်ခိုက်မှုကို မကွေးခရိုင် အမှတ် ၂ တပ်ရင်း တပ်ခွဲ ၁ People’s Defence Force Yenangyaung ၊နတ်မောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နှင့် Yenangyaung Local People’s Defence Force ဖေကံကောင်းအဖွဲ့က ပူးပေါင်းလုပ်ဆောင်ခဲ့သည်ဟု သိရသည်။
ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်စခန်းများ၊ ရဲစခန်းများအနီး ပတ်ဝန်းကျင်သို့ အတတ်နိုင်ဆုံးရှောင်ရှားသွားလာကြရန် ကာကွယ်ရေးတပ်ဖွဲ့များက တိုက်တွန်းပြောဆိုထားသည်။