မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်အတွင်းသို့ စစ်ကောင်စီဘက်မှ စစ်ကြောင်းထိုးဝင်ရောက်လာသောကြောင့်ပြည်သူတစ်ထောင်ကျော် စစ်ဘေးရှောင်ထွက်ပြေးနေရပြီး ကာကွယ်ရေးတပ်ဖွဲ့စခန်းတစ်ခု ဖျက်ဆီးခံခဲ့ရသည်ဟုသိရသည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် ပခုက္ကူ ခရိုင်တပ်ရင်း(အမှတ်–၁၈)မှ ဆိုင်ကယ်သုံးစီး၊ဒရုန်း တစ်စီး၊မိုင်းဆက်စပ်ပစ္စည်းများ၊လက်နက်ထုတ်လုပ်ရာစခန်းနှင့် အထိုင်စခန်းအား မီးရှို့ဖျက်ဆီးသွားခဲ့သည်ဟု ပေါက်တောင်ပိုင်းပြောက်ကျားတပ် သတင်းပြန်ကြားရေးတာဝန်ခံ ရဲဘော်အောင်နိုင်က သံလွင်ခက်ကိုပြောသည်။
“ပစ္စည်းဖွက်ထားတဲ့နေရာတွေပါ လိုက်ရှာပြီး မီးရှို့သွားတာ ဆုံးရှုံးမှုတန်ဖိုးကို သေချာမတွက်နိုင်သေးဘူး“ဟု ၎င်းကပြောသည်။
ပေါက်မြို့နယ် ကင်းမရွာသို့ဦးတည်လာသည့် စစ်ကောင်စီတပ်များသည် စစ်ကြောင်းနှစ်ခုခွဲကာ ဝင်ရောက်လာခြင်းဖြစ်ပြီး ကင်းမရွာနှင့် နီးစပ်ရာရွာများမှ ပြည်သူတစ်ထောင်ကျော်ခန့် စစ်ဘေးရှောင်ထွက်ပြေးနေရသည်ဟု သိရသည်။
ပေါက်တောင်ပိုင်း ပေါက်မြို့မှစစ်ကြောင်းထိုးလာသည့် စစ်ကြောင်းအား တောင်ဘက်ကျေးရွာနှင့်ဇီးတောကျေးရွာကြားတွင် ဖေဖော်ဝါရီလ ၂၈ရက် နေ့ခင်းပိုင်းက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က နှစ်ဦးအပြင်းအထန်ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ရဲဘော်အောင်နိုင်ကပြောသည်။
“မတ်၁ရက်မှာလည်း အဲစစ်ကြောင်းကိုပဲ မိုင်းနဲ့ထပ်တိုက်တယ် နှစ်ဦးထပ်ထိတယ်ကြားရတယ်“ဟု ၎င်းကဆိုသည်။
အဆိုပါစစ်ကြောင်းသည် ဝန်ချုံးရွာ၊ ဘို့မယ်ရွာမှ တဆင့် ကင်းမရွာသို့ မတ်လ၂ရက်နံနက်ပိုင်းတွင် ရောက်ရှိလာပြီးပြည်သူ့နေအိမ် ၁၄လုံးကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု သိရသည်။
ထို့အပြင် ရှားလှကျေးရွာမှ ဝန်ချောင်းအတိုင်းစုန်ဆင်းလာသည့် နောက်ထပ်စစ်ကြောင်းတစ်ခုသည်လည်း ကင်းမရွာခံပြည်သူများ၏ပစ္စည်းများဖြစ်သည့် ဖောကားတစ်စီး၊ဆန် တင်းသုံးဆယ်၊ပဲတင်းလေးဆယ် နှင့် အခြားစားသောက်ကုန်များကို မီးရှို့ဖျက်ဆီးခဲ့ပြီး ကာလတန်ကြေး အားဖြင့် စုစုပေါင်း သိန်းခြောက်ရာခန့်ဆုံးရှုံးခဲ့ရသည်ဟု သိရသည်။