စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ် တောင်တွင်းဒေသသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည်စစ်ကြောင်းတစ်လျှောက်ရှိ ကျေးရွာများမှ ဒေသခံများကို ဖမ်းဆီးခေါ်ဆောင်နေသည်ဟု ဒေသခံများထံက သိရသည်။
ဖေဖော်ဝါရီ ၂၆ ရက်မှစပြီး အင်အား ၂၀၀ ဝန်းကျင်ရှိ စစ်ကောင်စီစစ်ကြောင်းသည် ကလေးဝဘက်မှတစ်ဆင့်ကလေးဝ – ယာကြီးလမ်းအတိုင်း ယနေ့ထိ မင်းကင်းဒေသဘက်သို့ စစ်ကြောင်းထိုးနေခြင်းဖြစ်သည်။
အဆိုပါ စစ်ကြောင်းတစ်လျှောက်ရှိ စခန်းကြီး၊ မိုင်တရာ၊ တိန်ကုန်း၊ မြောက်ကုန်း၊ သာစည် ၊ ခင်ဦး၊ မြင်ဦး၊ ဆုံဗလက်စသည့်ကျေးရွာများမှ ဒေသခံများကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ခဲ့ခြင်းဖြစ်သည်ဟု တောင်တွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ( မင်းကင်းမြို့နယ် ) ပြန်ကြားရေးတာဝန်ခံက သံလွင်ခက်သတင်းဌာနကိုပြောသည်။
၎င်းက ” စစ်ကြောင်းထိုးတဲ့နေရာနဲ့ နီးတဲ့ လမ်းဘေးမှာရှိတဲ့ ရွာတွေက သူတွေကို ဝင်ဖမ်းပြီးတော့ စစ်ကြောင်းမှာဓားစာခံအဖြစ်ခေါ်တာ။ တစ်ရွာကို ဝင်ရင် နှစ်ယောက် ငါးယောက် ဆယ်ယောက် အဲ့လိုဖမ်းတာ။ ရွာတော်တော်များများကနေဖမ်းတာဆိုတော့ အယောက် ၅၀ လောက်ရှိမယ် ” ဟုဆိုသည်။
လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရသည့် ဒေသခံများသည် ယနေ့အချိန်ထိ ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးဟု ဒေသခံများထံက သိရသော်လည်း ပြည်သူများ ဖမ်းဆီးခံနေရမှုအခြေအနေ အသေးစိတ်ကိုစုံစမ်းအတည်ပြုနေဆဲဖြစ်သည်။
မင်းကင်းမြို့နယ် တောင်တွင်းဒေသသို့ စစ်ကြောင်းထိုးလာသည့် အဆိုပါ စစ်ကြောင်းကို မတ်လ ၁ ရက်နှင့် ၂ ရက်နေ့များတွင် People Defence Force Taung Dwin-Minkin TDPDF မင်းကင်း တပ်ရင်း (၅) ၊ တပ်ခွဲ(၃) ( Bravest Warriors )နှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ( ပကဖ )၊ ကလေးဝ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ( ပကဖ ) တို့က လက်နက်ကြီးများအပါအဝင် မိုင်းခွဲတိုက်ခဲ့သည်ဟု တောင်တွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ( မင်းကင်းမြို့နယ်) က ထုတ်ပြန်ထားသည်။
မိုင်းခွဲတိုက်ခိုက်ခံခဲ့ရသည့်အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးခဲ့ပြီး ၁၇ ဦး ဒဏ်ရာရရှိခဲ့ကာ ကလေးမြို့ဆေးရုံသို့ ပို့ဆောင်ဆေးကုသခံမှုခံယူနေသည်ဟု အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် စစ်ကြောင်းတစ်လျှောက်ရှိ ကျေးရွာများမှ ပြည်သူပိုင်ပစ္စည်းများကို သိမ်းယူဖျက်ဆီးမှုများ ရှိခဲ့ပြီး မတ်လ ၂ ရက်တွင် သာစည်ကျေးရွာမှ ရွာသားတစ်ဦးကိုလည်း ပစ်ခဲ့ရာပေါင်တွင် သေနတ်ဒဏ်ရာ ရရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ စစ်ကြောင်းသည် ပိက္ခယား ကျေးရွာအနီးဝန်းကျင်တွင် ရောက်ရှိနေပြီး စစ်ကြောင်းထိုးရာ ကားလမ်းတလျှောက်ရှိ ကျေးရွာများမှ ပြည်သူများအနေဖြင့်လည်း ဘေးလွတ်သို့ ရှောင်တိမ်းနေထိုင်ကြရန် ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ထုတ်ပြန်ထားသည်။
မင်းကင်းမြို့နယ် တောင်တွင်းဒေသကို စစ်ကြောင်းထိုးလျှက်ရှိ ရက်သတ္တပတ်အတွင်း ဒေသခံပြည်သူ ၅၀၀၀ကျော်လည်းထွက်ပြေးတိမ်းရှောင်နေရသည်။
ပုံစာ – စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ မြင်ကွင်း / ပုံအဟောင်း
Photo – Credit