ပြီးခဲ့သည့်ဖေဖော်ဝါရီလတွင် စစ်တိုင်းနှင့်စစ်ဒေသ (၃) ခုလုံးရှိ PDF တပ်ရင်းများ၊ ပကဖများ၊ LDF များ လက်တွဲပါဝင်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာနှင့်တပြိုင်နက်တည်း ဟန်ချက်ညီစစ်ဆင်မှု အကြိမ် ၇၀ တိတိ ဖော်ဆောင် နိုင်ခဲ့ကြသည်ဟု NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ကပြောသည်။
တိုက်ပွဲဖော်ဆောင်ရာ ဒေသများအဖြစ် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း နှင့်နေပြည်တော်တို့ ဖြစ်ပြီး တိုက်ပွဲပေါင်း ၇၀ ကြိမ် အနက် ၆၅ပွဲ ကိုတော့ ၂၄နာရီအတွင်း တပြိုင်တည်း ဟန်ချက်ညီဖော်ဆောင်နိုင်ခဲ့ကြခြင်းဖြစ်သည်။
” ဒီစစ်ဆင်မှုရဲ့ ပစ်မှတ်တွေထဲမှာ ရန်သူ့လေတပ်စခန်း(၂)ခုနဲ့ ရဟတ်ယာဥ်ကွင်း (၁)ခု၊ ကပစစက်ရုံ (၃)ခု၊ တိုင်းစစ်ဌာနချုပ် (၁)ခုနဲ့ တပ်မဌာနချုပ် (၁)ခု၊ ရန်သူ့အထိုင်နဲ့နောက်တန်းစခန်း (၂၆)ခု၊ ရဲစခန်း (၉)ခု၊ ရန်သူ့စစ်ကြောင်း (၂)ခု၊ ပျုစောထီးစခန်း (၁၅)ခုတို့ ပါဝင်တယ် “ဟု ဦးရည်မွန်ကပြောသည်။
ထို့ပြည် တိုင်းဒေသများနည်းတူ ပြည်နယ်များတွင်လည်း မဟာမိတ်တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များနှင့် PDF ရဲဘော်တွေ လက်တွဲပြီး မြို့ပြစစ်ဆင်မှု၊ စခန်းသိမ်းစစ်ဆင်မှုများကို ဟန်ချက်ညီဆောင်ရွက်ခဲ့ကြသည်ဟု ဝန်ကြီးကဆက်လက်ပြောကြားသည်။
“ဒီလို Coordinated Attacks ဖော်ဆောင်နိုင်ခြင်းဟာ PDF တပ်မတော်ရဲ့ စစ်ရေးစွမ်းရည် နောက်တဆင့် တိုးတက်လာမှုကို ဖော်ပြတဲ့ ပြယုဂ်ဖြစ်တယ်။ ဒါဟာ Chain of Command ပိုကောင်းအောင် တည်ဆောက်နိုင်မှုနဲ့ လက်နက်တိုးမြှင့်တပ်ဆင်နိုင်မှုရဲ့ ရလဒ်လို့လည်း ဆိုနိုင်တယ် ” ကာကွယ်ရေးဝန်ကြီးကပြောသည်။
ပြီးခဲ့သည့်လအတွင်း၌ဖော်ဆောင်ခဲ့သော စစ်ဆင်ရေးသည် စစ်ကောင်စီကို စိတ်ပိုင်းရော ရုပ်ပိုင်းပါ အထိနာစေခဲ့သလို PDF တပ်မတော်ကိုလည်း အဆုံးအဖြတ်နှင့် အဆုံးသတ်တိုက်ပွဲများ ဆင်နွှဲရန် ယုံကြည်မှုပိုပြီး ယခုကဲ့သို့ဟန်ချက်ညီ ဗျုဟာမြောက်စစ်ဆင်မှုကို ရှေ့တွင်လည်း အရှိန်အဟုန်မြှင့်ပြီး ဆောင်ရွက်သွားရန်ရှိလာမည်ဟု ဦးရည်မွန်ကပြောသည်။