ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊အေးမြသာယာအုပ်စုရှိ ရှရော်ခရွာထဲသို့ သေနတ်များပစ်ဖောက်ဝင်ရောက်လာသည့် စစ်ကောင်စီစစ်ကြောင်းက ဖမ်းဆီးသွားသောဒေသခံ ၁၃၅ ဦး ပြန်လည်လွတ်မြောက်လာပြီဟု ဒေသခံများထံမှ သိရသည်။
ပြီးခဲ့သည့်နှစ်ရက် မတ်လ ၁ ရက်နေ့ ညနေ၃ နာရီခန့်တွင်စစ်ကောင်စီတပ်မ ၃၃ လက်အောက်ခံ အင်အား ၅၀ကျော်ပါ စစ်ကြောင်းသည် ရှရော်ခရွာထဲသို့ သေနတ်များပစ်ဖောက် ဝင်ရောက်လာပြီး ပြည်သူ ၁၃၅ ဦးကို ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက သံလွင်ခက်ကိုပြောသည်။
“ရှေ့ကနေ အရပ်သားဝတ်စုံနဲ့ လူ လေးငါးယောက်လောက်ကို သေနတ်တွေနဲ့ ပစ်ခိုင်းပြီးတော့ နောက်ကနေ သူတို့ကလိုက်လာပြီး ပြန်ကယ် ထားတဲ့ပုံစံမျိုးတွေ လုပ်နေတာ။ပြောရမယ်ဆိုရင် KIAနဲ့PDFလုပ်တယ်ဆိုပြီး ပြည်သူတွေကိုအယုံသွင်းချင်နေတာ“ဟု ၎င်းက ပြောသည်။
စစ်ကောင်စီတပ်က ဖမ်းဆီးသွားသူများတွင်လူငယ်အများအပြားပါဝင်နေပြီး သက်ကြီးရွယ်အိုနှင့် အမျိုးသမီးများအပြင် ကလေးငယ်များလည်းပါဝင်ကြောင်း သိရသည်။
ယမန်နေ့ မတ်လ၂ရက် နေ့လည် ၁၁နာရီ ကျော်တွင် ဖမ်းဆီးခံထားသူများအား ပြန်လည်လွှတ်မြောက် လာသည်ဟုရပ်ရွာအရေးကူညီနေသူတစ်ဦးကပြောသည်။
“ရှရော်ခတစ်ရွာထဲကို ဘာအပြစ်မှမရှိပဲနဲ့ ၁၃၅လောက်ဖမ်းတယ်ဆိုတဲ့အခြေနေက ပုံမှန်တော့မဟုတ်ဘူး။ ဖမ်းပြီးတော့ ဒီအတိုင်းပဲပြန်လွှတ်ပေးလိုက်တာ ကလေးတွေဆို မုန့်ဖိုးတောင်ပေးတယ်လို့ပြောတယ်။သူတို့က သူတို့ဘက်ပါလာအောင် လုပ်နေတဲ့သဘောပဲ“ဟု ၎င်းကပြောသည်။
ဖမ်းဆီးခံလိုက်ရသူများသည် ရေးမဆေးကျောက်ရှာဖွေသူအများစုဖြစ်ပြီးKIA၊PDFတို့နှင့်ဆက်စပ်သူများမဟုတ်ကြောင်း ဒေသခံများကပြောသည်။